ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဦးထွန်းမင်း၏ လယ်မြေ(၁၀)ဧကတွင် စပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် စပါးမျိုးစေ့ချစက်( Paddy Seeding Machine)ဖြင့် ပျိုးထောင်ခြင်းသရုပ်ပြမှုအားကြည့်ရှုအားပေးခဲ့ပြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီး ဌာန တိုင်းဦးစီးမှူးက နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်တောင်သူများ၏ လယ်ဧကများ၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက် ထွက်ရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူကြီးများအနေဖြင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုး ခဲ့သဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာသည်ကိုမြင်တွေ့နေရပြီဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာများအသုံးပြု၍ ဓါတ်မြေသြဇာသုံးစွဲမှုများလျော့ချကြရန်၊ အထွက်တိုး မျိုးကောင်း မျိုးသန့်များသုံးစွဲကြရန်၊ ပီလောပီနံစိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသည် စပါးအထွက်တိုးခြင်း၊ ကုန်ကျစရိတ်များသက်သာခြင်း တို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေးမှာကြားခဲ့ပြီး တောင်သူများအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ ကုန်းထိပ်ပြောင် ကျေးရွာရှိ ဦးမျိုးနိုင်၏ အသားတိုးဝက်အကောင်(၂၀၀)နှင့် ဥစားကြက်အကောင်(၉၀၀၀) မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်မှု စာရင်းဇယားများ စနစ်တကျမှတ်သားဆောင်ရွက်စေရေးနှင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေး၊ ထုတ်လုပ်မှုကုန်ကျစရိတ် များလျော့ချနိုင်ရေးဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝ မြေဩဇာအဖြစ်ပြန်လည်အသုံးပြုနိုင်စေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းသုံး ခြံဖြန်းပိုးသတ်ဆေးများ ပံ့ပိုးပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးအောင်သောင်း၏လယ်မြေ (၂)ဧကတွင် နယူးဧရာ(၁) အထွက်တိုးစပါး စိုက်ပျိုးနေမှု အားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စိုက်နည်းတကျစိုက်ပျိုးရန်နှင့် အောင်မြင်အောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာရှိ တောင်သူဒေါ်သီတာအေး၏ လယ်မြေ(၁၀)ဧကတွင် တိုင်းဟိ အဏုဇီဝဖျော်ရည်ဖြန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဟိ သဘာဝဇီဝမြေဩဇာ တာဝန်ခံမှ တိုင်းဟိ အဏုဇီဝဖျော်ရည်၏ မြေဆီလွှာပြုပြင်နိုင်မှု၊ အပင်ကြီးထွားဖွံ့ဖြိုးမှုအခြေအနေများ ရှင်းလင်းတင်ပြမှာအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သဘာဝဇီဝမြေဩဇာများပိုမိုထုတ်လုပ်နိုင်ရေးနှင့် တွင်ကျယ်စွာ အသုံးပြုနိုင်စေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တောင်သူဦးစိုးအောင်၏လယ်မြေ(၃)ဧကတွင် ပျိုးဘောင်စနစ်ဖြင့် ပျိုးထောင်၍ မှော်ဘီ(၃) အထွက်တိုးမျိုးစပါး စိုက်ပျိုးနေမှုအားကြည့်ရှု အားပေးခဲ့ပြီး အောင်မြင်အောင်ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အနေဖြင့် မိုးစပါး စိုက်ဧက (၃၇) သိန်းကျော် စိုက်ပျိုးမည်ဖြစ်ရာ ယနေ့အထိ (၁၇)သိန်းကျော် စိုက်ပျိုးပြီးဖြစ်သဖြင့် (၄၇)ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်းသိရသည်။