ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက်ဝန်းအတွင်းရှိ မာတာပိတုပကာရကျောင်းတော်ကြီး ရေစက်ချအလှူမင်္ဂလာနှင့် သိက္ခာတော်ထပ်အလှူတော်မင်္ဂလာအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက်၌ မတည်အလှူရှင်များနှင့် အများစုပေါင်းတည်ဆောက်လှူဒါန်းခဲ့ကြသော မာတာပိတုပကာရကျောင်းတော်ကြီး ရေစက်ချအလှူမင်္ဂလာတော်နှင့် သိက္ခာ တော်ထပ်အလှူတော်မင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အမှုးပြုသော သိက္ခာ တော်ထပ် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယဆရာတော်(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယဆရာတော်(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် အနုမောဒနာတရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။