ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိဌာနဆိုင်ရာများ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိဌာနဆိုင်ရာများအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသည့် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ တူးဖော်ခြင်းအစရှိသည့် လုပ်ငန်းများအား တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ် ဓမ္မာရုံအတွင်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများပူပေါင်း၍ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်များခုတ်ထွင် ရှင်းလင်းနေများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေစီးရေလာကောင်းမွန်စေရေး တလိုင်းချောင်း ရေမြောင်းဘ တူးဖော်ခြင်း၊ အမှိုက်များဆယ်ယူခြင်းနှင့် ဗိုလ်ဘဌေးလမ်းရှိ လမ်းဘေးရေမြောင်း တူးဖော်ခြင်းနှင့်အမှိုက်များဆယ်ယူနေမှုများကို ဆက်လက်ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများနှင့် ချောင်းများရေစီးရေလာကောင်းမွန်စေရေး၊ ရေမြောင်းများ၊ ချောင်းများအတွင်း ပြည်သူများ အနေဖြင့် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုမရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်းများ ဆောင်ရွက်ရန်နှင့် ချောင်းများ၊ ရေမြောင်းများ တိမ်ကောပျက်စီးမှုမရှိစေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်-ငပုတောကားလမ်းဘေး၊ ပေါက်ကုန်းကျေးရွာအုပ်စုရှိ MSMEsလုပ်ငန်းဖြစ်သည့် ရွှေပျား ပဲငံပြာရည်နှင့် ငရုတ်ဆီစက်ရုံသို့ သွားရောက်ကြည့်ရှု အားပေးရာ စက်ရုံတာဝန်ရှိပိုင်ရှင်မှ တိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြစ်သည့် ငရုတ်၊ ကလောမှုန့်၊ သကြား၊ ဆား များအသုံးပြု၍ စက်ရုံမှထုတ်လုပ် လျက်ရှိသော ငရုတ်ဆီ၊ ခရုဆီ၊ ရှာလကာရည်၊ ပဲငပိ၊ ပဲငံပြာရည် (အကြည်/အနောက်) ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ကုန်ကြမ်းသိုလှောင် ထားရှိမှု၊ကုန်ကြမ်းများဝယ်ယူရရှိမှု၊ အသုံးချမှု တို့အား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အဆင့်မီစက်ပစ္စည်းများ အသုံးပြုထုတ်လုပ်နိုင်သဖြင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတစေမည်ဖြစ်ပါကြောင်း၊ ထုပ်ပိုးမှုစနစ် ပိုမိုကောင်းမွန်ပြီး ဈေးကွက် ပိုမိုရရှိစေရေး ကြိုးစားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ရွှေပျား ပဲငံပြာရည်နှင့် ငရုတ်ဆီစက်ရုံမှ တစ်နှစ်လျှင် ငရုတ်ဆီ ၁၀တန်၊ ပဲငံပြာရည်(အနောက်) ၉တန်၊ ပဲငံပြာရည်(အကြည်) ၂တန်၊ ခရုဆီ ၀.၅တန်၊ ကြက်သွန်ဖြူငရုတ်ဆီ ၁.၅တန်၊ ရှာလကာရည် ၂တန်နှင့် ပဲငပိ ၀.၅တန်အား တိုင်းဒေသကြီးအတွင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာရှိ ဦးဇင်အောင် ၏ မျိုးဝက်မနှင့်အသားတိုးဝက်မွေးမြူရေးခြံတွင် မျိုးဝက်မ (၂၀)ကောင်၊ အသားတိုးဝက် (၁၂၀)ကောင်၊ မျိုးဝက်သိုး (၂)ကောင် မွေးမြူထားရှိမှုနှင့် ဦးသိန်းဝင်း၏ တစ်နိုင်တစ်ပိုင် ဥစားကြက် (၁၀၀၀)၊ မျိုးဝက်မ (၁၀)ကောင်နှင့် အသားတိုးဝက် (၁၅)ကောင် မွေးမြူထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခြံပိုင်ရှင်များ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တိုင်းဦးစီးမှူးက အသားတိုးဝက်ပေါက်များမွေးမြူမှု အခြေအနေများ၊ ဈေးကွက်ဝင် အသားတိုးဝက်များအား ဈေးကွက်အတွင်းသို့ဖြန့်ဖြူးရောင်းချရန် စီစဉ်ဆောင်ရွက်နေမှုနှင့် မေထုန်မဲ့မျိုးပွား နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဇီဝလုံခြုံရေးလုပ်ငန်းများအလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်ရေးဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းများမှ ဇီဝမြေဩဇာအဖြစ်ပြန်လည်အသုံးပြု နိုင်စေရေးနှင့် တိရစ္ဆာန်အစာစက်ရုံတည်ဆောက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းသုံးခြံဖြန်းပိုးသတ်ဆေးများပံ့ပိုးပေးခဲ့ကြောင်းသိရသည်။