ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စံပြကျေးရွာနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများသို့ ဒေဒေါင်းထွန်စက်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ပွဲအခမ်းအနားတက်ရောက်
စံပြကျေးရွာနှင့်စိုက်ပျိုးရေးသမဝါယမအသင်းများသို့ ဒေဒေါင်းထွန်စက်နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မြက်တို)၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးသမဝါယမ အသင်းသားများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မည့် သမဝါယမအသင်း များအားထောက်ပံ့ပေးသည့် ဒေဒေါင်းထွန်စက်များနှင့် အသင်းသားများပိုင်ဆိုင်သည့်လယ်ယာမြေများကို အချိန်မီစနစ်တကျ ထွန်ယက်နိုင်ရန် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးတွင် နိုင်ငံတော်မှ အားထားရသည့် တိုင်းဒေသကြီးဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်းများစွာ လည်းရှိပါကြောင်း၊ တိုင်းဒေသကြီးသည် နွေစပါးနှင့်မိုးစပါး(၅၂)သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နေသကဲ့သို့ ပဲမျိုးစုံ(၁၆)သိန်းကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ကုန်ချောများ၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ပါက ဝင်ငွေများလည်းတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီ တွင် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက်ဆောင်ရွက်လျက်ရှိပြီး တစ်ဧက အထွက်နှုန်းများတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့် စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်နှစ်မိုးစပါးစိုက် ရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတော်မိုးတော်(၂၇)သိန်းအား သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပြီး ဓာတ်မြေဩဇာသုံးစွဲမှုလျော့ချနိုင်ရန် နှင့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများထုတ်လုပ်နိုင်ရေးလည်းဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်သမဝါယမအသင်းများနှင့် MSME လုပ်ငန်းများအတွက် နိုင်ငံတော်မှပံ့ပိုးပေးနေသကဲ့သို့ တိုင်းဒေသကြီးအစိုးရ အနေဖြင့်လည်း အားကြိုး မာန်တက် လိုက်ပါဆောင်ရန်လိုအပ်ပါကြောင်းနှင့် တောင်သူများ အနေဖြင့်လည်း သမဝါယမစိတ်ဓာတ်ကို အခြေခံ၍ ကုန်ထုတ်သမဝါယမအသင်းများ၊ စံပြကျေးရွာများကလည်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်”အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးက ဒေဒေါင်းထွန်စက်နှင့် နောက်ဆက်တွဲပစ္စည်းများ ထောက်ပံ့ပေးအပ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြောင်းမြမြို့နယ်၊ ပန်းတနော်မြို့နယ်များမှ စံပြကျေးရွာ(၄)ရွာရှိ သမဝါယမအသင်းများသို့ ဒေဒေါင်းထွန်စက်နှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ကြံခင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ လပွတ္တာမြို့နယ်၊ ပန်းတနော်မြို့နယ်များမှ စိုက်ပျိုးရေးသမဝါယမအသင်းများသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဓနုဖြူမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ညောင်တုန်းမြို့နယ် များမှစိုက်ပျိုးရေးသမဝါယမအသင်းများသို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း ဒေဒေါင်းထွန်စက်နှင့် ဆက်စပ်ပစ္စည်းများအသီးသီးပေးအပ်ခဲ့ကြပြီး သမဝါယမအသင်းသားတစ်ဦး က ကျေးဇူးတင်စကားများပြန်လည်ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကနိဂုံးချုပ် စကားပြောကြားခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဒေဒေါင်းလယ်ယာသုံးစက်များ စမ်းသပ်မောင်းနှင်မှုကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့် နေ့လယ်စာများအတူတကွသုံးဆောင်ခဲ့ကြကာ သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများ ကိုပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းတွင် ပထမနှစ်သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး နှင့် ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူ (၄၁) ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။