ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်

ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်များအထိ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈) ခရိုင်၊ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

အသက်၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး အစရှိသည့် ရည်ရွယ်ချက် များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် အမျိုးသမီးဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးဘောလုံးအသင်းများသည် အောင်မြင်မှု အစဉ်အလာများရှိသည့် အသင်းများဖြစ်ပါကြာင်း၊ ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဒုတိယ ၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်လည်း တတိယဆုများ ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ကြောင်းကိုလည်း တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမရွေး ကမ္ဘာနှင့်အဝှမ်း စိတ်ပါဝင်စားပြီး အားပေးချီးမြှင့်မှု အများဆုံးဖြစ်သည့် အားကစားနည်းတစ်ရပ်ဖြစ်သကဲ့သို့ အနိုင်ရဗိုလ်စွဲသည့် ဘောလုံးအသင်းအား သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်မှာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှု ”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတွက် ယှဉ်ပြိုင်မှုပြင်းထန်လာသည့်အခါ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့်ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်း သေဝပ်မှု၊ တရားသောယှဉ်ပြိုင်အနိုင်ရရှိမှုကိုကျင့်သုံးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်အတွင်းမှာလည်း ပြိုင်ဘက်အသင်းအား သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ရှုံးခဲ့လျှင်လည်း အရှုံးကိုကျေနပ်စွာလက်ခံပြီး ပြိုင်ပွဲပြီးစီးသည်အထိ ယှဉ်ပြိုင်ရဲသည့် ကြံ့ခိုင်သော စိတ်ဓာတ်ရှိရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့ တိုင်းဒေသကြီး၏ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း”  တိုက်တွန်းမှာကြား၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈) ခရိုင်၊ အသက်၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ်  ကျုံပျော်ခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါဘောလုံးပွဲစဉ်များအား ယခုလ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

05-Jul-2023