ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်အတွင်းရှိ ရာဘာစိုက်ပျိုး ထုတ်လုပ်မှု၊ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ (၃)ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ လိုက်ပါလျက် ဟင်္သာတခရိုင်အတွင်းရှိ ရာဘာစိုက်ပျိုးထုတ်လုပ်မှု၊ ပီလောပီနံစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာအုပ်စုရှိ တိုးတက် ကုမ္ပဏီရာဘာခြံသို့သွားရောက်၍ ရာဘာစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ကာ ရာဘာစိုက်ခြင်း၊ အစေးခြစ်ခြင်းနှင့် ရာဘာကုန်ကြမ်း ထုတ်လုပ်မှု အဆင့်ဆင့်တို့အားမေးမြန်းခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက ရာဘာစိုက်ပျိုး ထားရှိမှု၊ ရာဘာပြားများထုတ်လုပ်မှုနှင့် ရောင်းချနေမှု အခြေအနေများရှင်လင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများအပြည့်အဝ စိုက်ပျိုးစေနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင် အောင်စိုက်ပျိုးရေး၊ ကုန်ကြမ်းအရည်အသွေးများပြည့်မီစေရေး၊ ကုန်ကြမ်းများမှကုန်ချော ထုတ်လုပ်နိုင်သည်အထိနည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်နှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး ရာဘာစိုက်ပျိုးထားရှိမှု၊ အစေးခြစ် နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကုန်ကြမ်းထုတ်လုပ်မှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။
လေးမျက်နှာမြို့နယ်အနေဖြင့် ရာဘာ (၃၆၀၀) ဧက စိုက်ပျိုးထားရာ (BPM 24) ရာဘာမျိုးအား အဓိကထားစိုက်ပျိုးထားရှိပြီး (RSS -1) အဆင့် ရာဘာပြားများနှင့် (RSS -3) အဆင့်ရာဘာပြားများ ထုတ်လုပ်ကာရန်ကုန်ဈေးကွက် သို့ပို့ဆောင်လျက် ရှိကြောင်းသိရသည်။ ထို့နောက် ဘောတလင်းကျေးရွာ၊ တောင်သူဦးမိုးနိုင်ဦး၏ ယာမြေ (၁၅) ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပီလောပီနံ(ကိုင်းရှုတ်မျိုး) စိုက်ပျိုးထားရှိမှု အားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ပီလောပီနံစိုက်ပျိုးထုတ်လုပ် ရောင်းချမှုနှင့် စွန့်ပစ်ပစ္စည်းများအား တိရစ္ဆာန်အစာအဖြစ်အသုံးပြုရောင်းချမှု အခြေအနေများ ရှင်းလင်းတင်ပြ မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက်တိုးမျိုးများစိုက်ပျိုးစေရေး၊ စိုက်နည်းတကျ စိုက်ပျိုးစေရေးနှင့်ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ သမအသင်းများအနေဖြင့်တစ်ဧကအထွက်တိုးစေရေး ဆောင်ရွက်ကြရန်နှင့် ကုန်ကြမ်းထုတ်လုပ်မှုမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရေး မှာကြားခဲ့သည်။
ထို့အတူ ဆိတ်ချီးပင်ကျေးရွာ တောင်သူဦးသန်းမြင့်၏ ယာမြေ (၅)ဧကတွင် ပီလောပီနံ(Rayone-9)မျိုးသန့်စိုက်ခင်းအားကြည့်အားပေးခဲ့ပြီး မျိုးကောင်းမျိုးသန့်များ၊ အထွက်တိုးမျိုးများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေးမှာကြားခဲ့သည်။ ထို့နောက် ဟင်္သာတ မြို့နယ်၊ ယုန်သလင်းကျေးရွာ၊ တောင်သူဦးမျိုးဇော်လင်း၏ ယာမြေ (၁၅)ဧကတွင် ပီလောပီနံ(ကိုင်းရှုတ်မျိုး) စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုး စေရေးမှာကြားခဲ့သည်။ ထို့နောက် မဒေါ့တလုတ်ကုန်းကျေးရွာ၊ ဒေါ်လွင်လွင်မိုး၏ ဝက်မွေးမြူရေးခြံသို့သွားရောက်၍ နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသားတိုးဝက်မွေးမြူ ထားရှိမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးကွက်တင်ပို့မှုအခြေအနေများမေးမြန်းခဲ့ကာ စနစ်တကျ မွေးမြူ၍ ပိုမိုတိုးတက်မွေးမြူနိုင်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကွင်းကျေးရွာရှိ တောင်သူဦးသက်နိုင်၏ လယ်မြေ (၁၀)ဧက တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်ဆင်းသုခ(RS)မျိုးသန့် မျိုးစပါးများအား စနစ်တကျစိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက (၁၀) တင်းပိုမိုထွက်ရှိစေရေး၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများပိုမိုသုံးစွဲစေရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့ဆောင်ရွက်ပေးထားပြီးဖြစ်၍ ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးမှာကြား ခဲ့သည်။
ထို့နောက် ဟင်္သာတမြို့၊ ပန်းပဲတမ်းရပ်ကွက်၊ နတ်မော်လမ်းရှိ ထွန်းအင်အား မွေးမြူရေးအစာတောင့်စက်ရုံသို့သွားရောက်၍ မွေးမြူရေးအစာတောင့်နှင့် အစာမှုန့်ထုတ်လုပ် နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံပိုင်ရှင်မှအစာတောင့်နှင့်အစာမှုန့် ထုတ်လုပ်မှု၊ ဒေသထွက်ကုန်ကြမ်းများဝယ်ယူသုံးစွဲမှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဒေသထွက်ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစားအစာများပိုမိုထုတ်လုပ်နိုင်ရေး၊ အရည်အသွေးကောင်းမွန်ပြီးဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေး မှာကြားခဲ့သည်။
အဆိုပါ ထွန်းအင်အား မွေးမြူရေးအစာတောင့်စက်ရုံမှ ဒေသထွက် ကုန်ကြမ်းများဖြင့် တစ်ရက်လျှင် အစာတောင့်(၂)တန်၊ အစာမှုန့်(၅)တန်ထုတ်လုပ် လျှက်ရှိပြီး ဒေသတွင်းအစာတောင့်များထုတ်လုပ်ဖြန့်ဖြူးနိုင်ပါက မွေးမြူရေးသမားများ အနေဖြင့် အစာကုန်ကျစရိတ်များလျော့ချနိုင်ပြီး မွေးမြူရေးထွက်ကုန်များလည်းဈေးကျဆင်း လာကာ ကုန်ဈေးနှုန်းကျဆင်းလာနိုင်မည်ဖြစ်၍ အရည်အသွေးပြည့်မီသည့်အစာတောင့်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။