ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြောင်းမြမြို့၊အမှတ်(၆)ရပ်ကွက်၊ ဦးဘချိုလမ်းရှိ ကျွန်းတောတံတားဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး

ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော မြောင်းမြမြို့၊အမှတ်(၆)ရပ်ကွက်၊ ဦးဘချိုလမ်းရှိ ကျွန်းတောတံတားဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါတံတား၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ရှေးဦးစွာ ကျွန်းတောတံတားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ မြောင်းမြမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက တံတားဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ကို ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းတောတံတားအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါတံတားသည် မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ဘဏ္ဍာရန်ပုံငွေ၊ ပြည်သူထည့်၀င်ငွေတို့ဖြင့် မူလသစ်သားတံတားအား အရှည် ၈၁ပေ၊ အကျယ်၂၄ပေ၊ ကြမ်းခင်းထု ၈ လက်မကွန်ကရစ်တံတားအဖြစ် အကြီးစား ပြင်ဆင်မွမ်းမံလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့တွင်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် လမ်းပန်းဆက်သွယ်မှုကို များစွာ အထောက်အကူပြုနိုင်မှာဖြစ် ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါး တစ်ဧက (၁၀)တင်းပိုမိုအထွက်တိုးစေရေး၊ အထွက်တိုးမျိုးစပါးများစိုက်ပျိုးစေရေး၊ ခေတ်မီစိုက်နည်းစနစ်များအသုံးပြုစိုက်ပျိုးစေရေး၊ သဘာဝမြေဩဇာ၊ဇီဝမြေဩဇာများပိုမိုသုံးစွဲစေရေးမှာကြားခဲ့ပြီး ဆင်းသုခမျိုးစပါးများ စနစ်တကျစိုက်ပျိုးထားရှိမှုများကိုကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကျောင်းကုန်းမြို့နယ်၊ ငမန်ချောင်ကျေးရွာရှိတောင်သူ ဦးကုလား၏ လယ်မြေ (၁၂)ဧကတွင် မနောသုခမျိုးစပါးများ စနစ်တကျပျိုးထောင်ထားရှိမှု၊ စိုက်ပျိုးနေမှုနှင့် ကန်ကြီးထောင့်မြို့နယ်၊ အညာတန်းကျေးရွာရှိတောင်သူ ဦးသက်ဦး၏ လယ်မြေ (၁၇) ဧကတွင် ဧရာမင်းမျိုးစပါးများ စနစ်တကျပျိုးထောင်ထားရှိမှု၊ စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တစ်ဧကအထွက်တိုးစေရေး၊ စိုက်ပျိုးရေလုံလောက်စွာသုံးစွဲစေရေး၊ သဘာဝမြေဩဇာ၊ ဇီဝမြေသြဇာများပိုမိုသုံးစွဲစေရေးနှင့်အောင်မြင်အောင်ဆောင်ရွက်စေ​ရေးမှာကြားခဲ့ကြောင်းသိရသည်။

02-Jul-2023