တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတားတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုနှင့် ရေမြောင်းများတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုင်းဒသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုလမ်းဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြား ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား (Jetty) အလျား(၅၃၀)ပေ တည်ဆောက်ပြီးစီးမှု၊ ဥမ္မာဒန္တီဆိပ်ခံတံတားနှင့်ဗိုလ်မြတ်လေးဆိပ်ခံတံတားအကြားတွင် ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအလျား (၂၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ဆက်လက်လက်ဆောင်ရွက်မည့် အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ယခုဆောင်ရွက်ပြီးစီးသည့် ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား အလျား(၅၃၀)ပေပေါ်တွင် ဆောင်ရွက်မည့် ကျောက်ပြားခင်းခြင်းလုပ်ငန်းအား ပွင့်လင်းရာသီအမီအပြီးသတ် ဆောင်ရွက်ရန်၊ အဆိုပါ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားပေါ်သို့ ပြည်သူများလာရောက်အပန်းဖြေရာတွင် မသန်စွမ်းသူများအတွက် Wheel Chair များ အလွယ်တကူ တက်/ဆင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်၊ ဥမ္မာဒန္တီဆိပ်ခံတံတားနှင့်ဗိုလ်မြတ်လေးဆိပ်ခံတံတားအကြားတွင် ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအလျား(၂၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်" တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အကောက်ဆိပ်လမ်းနှင့် နိဂေါဓာလမ်းလမ်းဆုံ ရေမြောင်းတူးဖော်နေမှုအားလည်းကောင်း၊ ကွမ်းခြံချောင်း (၅၉၄၀)ပေ တူးဖော်နေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တူးဖော်ပြီးစီးသည့် ရေမြောင်းများနှင့် ချောင်းများအတွင်း ပြည်သူများအနေဖြင့် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုမရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်းများ ဆောင်ရွက်ရန်နှင့် ချောင်းများတိမ်ကောပျက်စီးမှုမရှိစေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့နယ်၊ ကွက်ပြင်ကြီးကျေးရွာ၊ တောင်သူဦးသန်းလှ၏ ပိန်းဥနှင့် ရုံးပတီသီးစိုက်ခင်းအားလည်းကောင်း၊ တောင်သူဦးစိန်မြင့်၏ ပိန္နဲ၊ တိုင်ထောင်ပဲ၊ ဆူးပုတ်၊ ကင်ပွန်းချဉ်၊ ကျွဲကောစိုက်ခင်းအား ကြည့်ရှုအားပေးပြီး သီးနှံများ ဆွတ်ခူး ရောင်းချရမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး "ရာသီအလိုက် သီးပင်စားပင်များကို တစ်နှစ်ပတ်လုံး ပိုမိုတိုးချဲ့စိုက်ပျိုးရေးနှင့်ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးရေး" လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်-ငွေဆောင်ကားလမ်းဘေးရှိ တောင်သူဦးကျော်သူ၏ ဘဲကောင်ရေ(၂၀၀၀)မွေးမြူထားရှိမှု၊ မွေးမြူရေးလုပ်ငန်းအတွက် အစာဝယ်ယူရရှိမှုအခြေအနေများ၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ၊ ဈေးကွက်သို့ ဘဲဥဖြန့်ဖြူးနေမှုအခြေအနေများအား မေးမြန်းခဲ့ပြီး ဈေးကွက်အတွင်း ပြန်လည်ရောင်းချရာတွင် စျေးနှုန်းကြီးမြင့်မှုမရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။