ဟင်္သာတခရိုင်၌ပြုလုပ်သည့် ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs)ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs)ထုတ်ကုန်ပြပွဲ မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ တာဝန်ရှိများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခန်းမအတွင်း ပြသထားသည့် သစ်တောထွက်ပစ္စည်းအရောင်းပြခန်း၊ ရေနှင့်ရေထွက်ပစ္စည်း အရောင်းပြခန်း၊ ကြိမ်နှင့် ကြိမ်ထွက်ပစ္စည်း၊ သင်ဖြူးဖျာအရောင်းပြခန်း၊ ပျိုးပင်နှင့် ဇီဝမြေဩဇာ အရောင်းပြခန်း၊ စက်မှုလက်မှုလုပ်ငန်းများဆိုင်ရာပြခန်း၊ ရာဘာထုတ်လုပ်မှုနှင့် ကုန်ချောပစ္စည်းများပြခန်း၊ ပီလောပီနံစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်း၊ စပါးခွံလောင်စာတောင့် ထုတ်လုပ်မှုအရောင်းပြခန်း၊ ကုမ္ပဏီများမှ ပြသထားသည့် လယ်ယာသုံးစက်ကိရိယာ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြပွဲအား အများပြည်သူများလေ့လာနိုင်အောင် ယနေ့မှ ဇူလိုင်လ(၁)ရက်နေ့အထိ သုံးရက်ကြာပြသွား မည်ဖြစ်ပြီး ပြခန်းပေါင်း( ၂၃)ခန်း ပြသသွားမည်ဖြစ်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ဖက်သောင်ကျေးရွာသို့ရောက်ရှိ၍ တောင်သူ (၁၀)ဦး၏ လယ်မြေ ဧက(၈၀)တွင် ထွန်စက်ကြီးများဖြင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စုပေါင်းထည့်သွင်းထွန်ယက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ "မြေဆီလွှာကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးစေရေး၊ တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ သုံးစွဲကြရန်နှင့် တစ်ဧက အထွက်နှုန်းပိုမို ထွက်ရှိစေရေး ကြိုးစားဆောင်ရွက်ရန်" မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖက်သောင်ကျေးရွာ၊ တောင်သူ ဦးတင်နိုင်ထွန်း၏ ရှမ်းနံနံပင် စိုက်ခင်း (၁.၅)ဧက သို့ရောက်ရှိ၍ စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေများ၊ စျေးကွက်သို့တင်ပို့ရောင်းချမှုအခြေအနေများအား မေးမြန်းခဲ့ရာ တောင်သူမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ မိုးစပါး ဧက(၁၀၀)စံပြကွက်ရှိ တောင်သူ ဦးသက်နိုင်၏ လယ်မြေ(၂)ဧက၌ ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် မှော်ဘီ ၃ စပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကာ " တောင်သူကြီးများအနေဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးကြရန်၊ သဘာဝမြေသြဇာများ အသုံးပြု၍ ဓါတ်မြေသြဇာသုံးစွဲမှုများလျော့ချကြရန်၊ အထွက်တိုး မျိုးကောင်းမျိုးသန့်များ သုံးစွဲကြရန် " မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ထီခွေ့ကျေးရွာ၊ တောင်သူ ဦးမောင်ဇော်၏ နံနံပင် စိုက်ခင်းနှင့် ကွမ်းစိုက်ခင်း သို့ရောက်ရှိ၍ တောင်သူမှ စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေများ၊ ဓနုဖြူမြို့မစျေးသို့တင်ပို့ရောင်းချမှုအခြေအနေများအား လိုက်လံ ရှင်းလင်းတင်ပြခဲ့ပါသည်။