ပုသိမ်မြို့၌ မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာများ ကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့် စက်ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာများ ကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့် စက်ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ် ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စိုက်ပျိုး မွေးမြူရေးတောင်သူများ တက်ရောက်ခဲ့ကြသည်။

မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာများ ကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့် စက်ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာများ ကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့်စက်ပစ္စည်းများကို တိုင်းဒေသကြီးရှိ စိုက်ပျိုး မွေးမြူရေးတောင်သူများ လေ့လာအသုံးပြုနိုင်စေရေးအတွက် ပြသပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးတိုင်းဖြစ်သော်လည်း စိုက်ပျိုးရေးအတွက် မြေဩဇာနှင့် မွေးမြူရေးအတွက်တိရစ္ဆာန်အစားအစာများထုတ်လုပ်မှု နည်းပါးနေသေး ပါကြောင်း၊ ဒေသထွက်ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာများပိုမိုထုတ်လုပ် နိုင်ရေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ယခုပြသထားသည့် စက်ပစ္စည်းများဖြင့် တစ်နိုင်တစ်ပိုင် ထုတ်လုပ် နိုင်သည်အထိဆောင်ရွက်ရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်အောင် ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြစေလိုကြောင်း”အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် VNMM ထရေးဒင်းကုမ္ပဏီလိမိတက်မှ CEO ဦးရန်လင်းက စက်ပစ္စည်းများနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြပြီးနောက် အခမ်းအနား သို့တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ကုမ္ပဏီမှ CEO က ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် VNMM Trading ကုမ္ပဏီလိမိတက်မှ ဗီယက်နမ်နိုင်ငံထုတ် မက္ကဒေးမီးယား အခွံစိမ်းခွာစက်၊ ဘက်စုံသုံးကြိတ်စက်၊အမှုန့်ကြိတ်စက်၊ အစာတောင့်ထုတ်စက် များဖြင့် ငါး၊ပုစွန်၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွားစာများ  လက်တွေ့ပြသထုတ်လုပ်နေမှုများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

26-Jun-2023