တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းထည့်သွင်းခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၅.၆.၂၀၂၃)နေ့ မွန်းလွဲပိုင်းက မြောင်းမြမြို့နယ်၊ ကြာဖူးငုံကျေးရွာ၌ ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲ၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာနှင့် အိမ်မဲမြို့နယ်၊ ကညင်ကွင်းကျေးရွာတို့၌ ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စုပေါင်း ထည့်သွင်းခြင်းအခမ်းအနားများသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ ကြာဖူးငုံကျေးရွာ တောင်သူ ဦးမြင့်သန်း၏ လယ်ဧက(၃၀)ဧက၌ ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် ဆင်းသုခမျိုး စိုက်ပျိုးသရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်း​ဒေသကြီးစက်မှုလယ်ယာဦးစီးမှူးက စက်မှုလယ်ယာဦးစီးဌာနအ​နေဖြင့် ​တောင်သူများထံသို့ လယ်ယာသုံးစက်ကရိယာများ ငှားရမ်း​ဆောင်ရွက်​ပေး​နေမှုအ​ခြေအ​နေများ၊ ​​​ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် ​ဒေသခံ​တောင်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ​" တောင်သူကြီးများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ သုံးစွဲကြရန်၊ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းစိုက်ပျိုးကြရန်၊ သဘာဝ​မြေသြဇာများ အသုံးပြု၍ ဓါတ်​မြေသြဇာသုံးစွဲမှုများ​လျော့ချကြရန်" မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာရှိ တောင်သူ (၃၁)ဦး၏ လယ်​မြေ ဧက(၁၀၀)နှင့် အိမ်မဲမြို့နယ်၊ ကညင်ကွင်း​ကျေးရွာရှိ တောင်သူဦး(၃)ဦး၏ လယ်​မြေ(၁၀) ဧကတို့တွင် ထွန်စက်ကြီးများဖြင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စုပေါင်းထည့်သွင်းထွန်ယက်ခြင်း အခမ်းအနားများသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ "မြေဆီလွှာကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံ​လျှော်)များ ပိုမိုထည့်သွင်းစိုက်ပျိုးစေရေး၊ တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ သုံးစွဲကြရန်နှင့် တစ်ဧက အထွက်နှုန်း ပိုမိုထွက်ရှိ​စေရေး ကြိုးစားဆောင်ရွက်ရန်" မှာကြားခဲ့ကြောင်းသိရသည်။ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ဧရာဝတီတိုင်း​ဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်) ဧက တစ်သိန်း​ကျော် ကြဲပက်ပြီး ယခုအချိန်ထိ ဧက ခုနှစ်သောင်း​ကျော် ထည့်သွင်းထွန်ယက်ပြီးဖြစ်ပါသည်။

26-Jun-2023