မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အသောကသီတဂူဘေးမဲ့တောရကျောင်း ဝန်းအတွင်း၌ ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးပွဲနှင့် ကော်ဖီသီးနှံ စိုက်ပျိုးပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားရာတွင် “နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဂေဟစနစ် ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်းမြေ(Green Space)များ တိုးပွားလာစေရေးတို့အတွက် သစ်ပင်စိုက်ပွဲတော်များ ပြုလုပ်စိုက်ပျိုးလျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် နှစ်စဥ်နှစ်တိုင်း သစ်တောစိုက်ခင်းများကို ပိုမိုတိုးချဲ့ ထူထောင်စိုက်ပျိုးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် နှစ်စဥ် စိုက်ခင်းများကို ဧကငါးထောင်မှ ခြောက်ထောင်အထိတည်ထောင် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သစ်ပင်စိုက်ပွဲတော်များ၊ ဌာနဆိုင်ရာအသီးသီးမှ မိုးရာသီစိုက်ပျိုးနိုင်ရန်အတွက် နှစ်စဉ်လူထုဖြန့် ပျိုးပင်ပေါင်း(၁၃)သိန်းမှ(၁၄)သိန်းကျော်အထိ ပျိုးထောင်စိုက်ပျိုးလျက်ရှိပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် လွယ်ကူသော်လည်း ရှင်သန်အောင်ပြုစုထိန်းသိမ်းကြရန်လိုပါကြောင်းနှင့် တစ်ပင်စိုက်လျှင် တစ်ပင်ရှင်သန်အောင် ပျိုးပင် (၂)နှစ်သားနှင့် အနည်းဆုံး(၂)ပေ ရှိသည့် ပျိုးပင်များကိုစိုက်ပျိုးကြရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သစ်ပင်များ စုပေါင်းစိုက်ပျိုးကြခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်း စိမ်းလမ်းစိုပြည်လာမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိုးဦးကျကာလတွင် ဖြစ်တတ်သည့် မုန်တိုင်းဘေးနှင့် ၎င်းနှင့်ဆက်စပ်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝေးဘေးများ ကြုံတွေ့ရပါကြောင်း၊ သစ်တောသစ်ပင်များ ထိန်းသိမ်းစိုက်ပျိုးနိုင်ပါက သစ်တောဖုံးလွှမ်းမှုများပြားလာပြီး သဘာဝဂေဟစနစ်များကိုထိန်းသိမ်းနိုင်ကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် ဘေးဒဏ်များကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်၍ သစ်ပင်များစိုက်ပျိုးဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် သစ်ပင်များ၊ သစ်တောများနှင့် ဒီရေတောများအား ပြုစုပျိုးထောင်၍ ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးဆောင်၍ ဌာနဆိုင်ဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းများ၊ ဒေသခံများနှင့်အတူ စုပေါင်းသစ်များစိုက်ပျိုးခြင်း၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းနှင့် ကော်ဖီသီးနှံ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာများနှင့် ပြည်သူများ၏ မိုးရာသီသစ်ပင်၊ တိရစ္ဆာန် အစာပင်နှင့် ကော်ဖီသီးနှံစိုက်ပျိုးခြင်းများကို လှည့်လည်ကြည့်အားပေးခဲ့ကာ ကုမ္ပဏီမှ ပြသထားသည့် ငါး၊ပုစွန်၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား အစာ ဘက်စုံသုံးကြိတ်/ဖြတ်စက်၊ အစာအမှုန့်ကြိတ်စက်၊ အစာတောင့်ထုတ်စက်များအား လက်တွေ့ပြသနေမှုများကို ကြည့်ရှုအားပေးခဲ့ကာ မွေးမြူရေးခြံသုံး ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပွဲတော်မှ ကျွန်း၊ မဟော်ဂနီ၊ ပျဥ်းကတိုး၊ မန်ဂျန်ရှား၊ အစရှိသည့် အပင်စုစုပေါင်း (၁၄၃၆)ပင်၊ ကော်ဖီအပင်စုစုပေါင်း (၄၀၀)ပင်နှင့် တိရိစာန်အစာပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။