မြောင်းမြမြို့နယ်၊ ရွှေဂူကြီးကျေးရွာရှိ အလောင်းစည်သူမင်းကြီးင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာအုပ်စု၊ ရွှေဂူကြီးကျေးရွာရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ ဌာပနာပိတ်ပွဲသို့ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

ရှေးဦးစွာ ဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ မြောင်းမြမြို့၊အလယ်တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော“မေတ္တာသုတ်”ပရိတ်တရားတော်အား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ဘုရားဒါယိကာ၊ဒါယိကာမများ၊‌ စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ပရိတ်ပန်း ၊ပရိတ်ရေ၊ ပရိတ်ချည်၊ပရိတ်သဲများ၊ ဘုရားဌာပဌာများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ မြောင်းမြမြို့၊ အလယ်တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဘုရားဒါယိကာ၊ ဒါယိကာမများ၊‌ စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဘုရားဌာပနာ​တော်ပစ္စည်းများကို ပင့်ဆောင်ပူဇော်ခဲ့ကြပြီး ဘုရားဌာပနာ​တော်များကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဌာပနာတိုက်အတွင်း စတင်ထည့်သွင်းပူဇော်ခဲ့ကြရာ ဆရာတော် သံဃာတော်အရှင်သူမြတ်များက “ဇယန္တော ဗောဓိယာ မူလေ”အစရှိသော ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဖတ်ပူ​ဇော်ခဲ့ကြသည်။ ယင်းနောက် ဘုရားဌာပနာများ ထည့်သွင်းပူဇော်ပြီးသောအခါ ဌာပနာပိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မင်္ဂလာအခမ်းအနားအား ရုပ်သိမ်းကာ ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ​မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာ၊ တောင်သူ ဦးအောင်ရွှေ၏ ဘဲကောင်ရေ(၄၂၀၀)မွေးမြူထားရှိမှု၊ ဈေးကွက်များသို့ ဘဲဥဖြန့်ဖြူးနေမှုအခြေအနေများနှင့် ဈေးကွက်အတွင်း ရောင်းချရသည့် ဈေးနှုန်းများကို မေးမြန်းခဲ့ရာ တောင်သူဦးအောင်ရွှေက သိလိုသည်များကို ‌ရှင်းလင်းဖြေကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့၊ ရေပြာစမ်းကျေးရွာရှိ အသောကသီတဂူဘေးမဲ့တောရ​ကျောင်းတိုက်ဆရာတော် ဦးဝဏ္ဏောဘာသအားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထာခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသောကသီတဂူဘေးမဲ့တောရကျောင်းဝန်းအတွင်း​ မွေးမြူထားရှိသည့် ​ဒေသနွား​မွေးမြူ​ရေးခြံသို့သွား​ရောက်ခဲ့ပြီး တိုင်း​ဒေသကြီး​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက နွား​မွေးမြူထားရှိမှုအ​ခြေအ​နေများ၊ နွား​ချေး၊ သစ်ရွက်​ခြောက်၊ ​ကောက်ရိုး၊ အီးအမ် များဖြင့် သဘာဝ​မြေသြဇာပြုလုပ်ပြီး စိုက်ပျိုး​ရေးလုပ်ငန်းများတွင် အသုံးပြု​နေမှုအ​ခြေအ​နေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။

25-Jun-2023