ဖားအောက်တောရဓမ္မရိပ်သာ(ပုသိမ်)ဆွမ်းစားကျောင်းဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ဖားအောက်တောရဓမ္မရိပ်သာ(ပုသိမ်)ဆွမ်းစားကျောင်းဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်-မော်တင် ကားလမ်းဘေးရှိ အဆိုပါရိပ်သာ၏ ပရဝဏ်အတွင်း၌ ကျင်းပခဲ့ရာ ပန္နက်တင်မင်္လာအခမ်းအနားသို့ ဖားအောက်တောရဓမ္မရိပ်သာ(ပုသိမ်)၏ ဦးစီးပဓာနနာယကဆရာတော် (ဓမ္မာစရိယ၊ဝိနယဝိဒူ၊ ရွှေကျင်နိကာယဝိနယဓရ၊ ဒီသနိကာယဝိဒူ၊ ဒီသနိကာယမာမက၊ အဘိဓမ္မမာမက) ဘဒ္ဒန္တ ဇောတိပါလ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာများတွင် နေရာယူပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တပြိုက်နက် ပန္နက်တော်အား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တော်တင်ခဲ့ကြပြီး ပန္နက်တော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ ရေစက်ချတရားနာမင်္ဂလာအခမ်းအနားအားပြုလုပ်ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီးနောက် ဖားအောက်တောရဓမ္မရိပ်သာ(ပုသိမ်)‌၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တ ဇောတိပါလထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည်  ဖားအောက်တောရဓမ္မရိပ်သာ(ပုသိမ်)‌၏ ဦးစီးပဓာန နာယကဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရိပ်သာအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

20-Jun-2023