နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် ငါးမျိုးကောင်းမျိုးသန့်ဖြန့်ချိရေးနှင့် ငါးဆေးထိုးသားဖောက် ပညာပြန်ပွားရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ဆောင်ရွက်လျက်ရှိသည့်  ငါးမျိုးကောင်းမျိုးသန့်ဖြန့်ချိရေးနှင့် ငါးဆေးထိုးသားဖောက် ပညာပြန်ပွားရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် ပုသိမ်-ရန်ကုန်ကားလမ်းဘေး ဆားမလောက်ကျေးရွာအနီးရှိ "အာရှသား " ငါးတန်၊ ငါးမြစ်ချင်း၊ ငါးမုတ်၊ ဖားမွေးမြူရေးနှင့် သားဖောက်လုပ်ငန်းသို့​ရောက်ရှိ၍ လုပ်ငန်း​ဆောင်ရွက်​နေမှုအ​ခြေအ​နေများအား ​မွေးမြူ​ရေးလုပ်ငန်းတာဝန်ခံမှ လိုက်လံရှင်းလင်းတင်ပြခဲ့သည်။ ထို့​နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများမှ ငါးတန်သား​ပေါက်၊ ငါးမြစ်ချင်းသား​ပေါက်၊ ငါးမုတ်သား​ပေါက်များနှင့် ဖားသား​ပေါက်များ ​မွေးမြူ​အောင်မြင်နေမှုများအား ကြည့်ရှုအား​ပေးခဲ့ပါသည်။ အာရှသား ​ငါးမွေးမြူ၊ သား​ဖောက်လုပ်ငန်းမှ ယခုနှစ်တွင် ငါးတန်​ ငါးမှုံအ​ကောင်​ရေ သိန်း(၈၀၀၀)၊ ငါးမြစ်ချင်း ငါးသန်အ​ကောင်​ရေ သိန်း(၁၅၀)၊ ငါးမုတ်​ ငါးမှုံကောင်​ရေ သိန်း (၂၀၀၀)၊ ဖားသား​ပေါက် အ​ကောင်​ရေ (၆) သိန်း ထုတ်လုပ်​ဖြန့်ဖြူး မည်ဖြစ်ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်သည် တာဝန်ရှိသူများနှင့်အတူ မအူပင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စုရှိ ဓနလှိုင် ငါးမွေးမြူရေးနှင့် ငါးမြစ်ချင်းသားပေါက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ​​မွေးမြူ​ရေးလုပ်ငန်းတာဝန်ခံက ငါးကြီးမွေးကန်၊ ငါးလတ်မွေးကန်နှင့် မျိုးကန်များထားရှိမှုအခြေအနေများ၊ ငါးမွေးမြူရာတွင် ကုန်ကျသည့်စရိတ်များ၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်မှု၊ ​ဒေသတွင်း လိုအပ်သည့် ငါးသား​ပေါက်များဖြန့်ဖြူး​ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က “မွေးမြူရေးလုပ်ငန်းဆောင်ရွက်လိုသည့် တောင်သူများနှင့် ဒေသခံများအား ငါးမွေးမြူရေး၊ ငါးဆေးထိုး သားဖောက်သင်တန်းများဖွင့်လှစ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ငါးသားဖောက်များနှင့် ငါးမျိုးကောင်းမျိုးသန့်များအား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ငါးသား​ပေါက်များပိုမိုဖြန့်ဖြူးပေးနိုင်ပါက သား၊ ငါး၊ ဈေးနှုန်းကြီးမြင့်မှုများကိုလည်း သက်သာစေမည်ဖြစ်ပါကြောင်းနှင့် စားနပ်ရိက္ခာဖူလုံစေရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းသည် အကျိုးရှိသည့် လုပ်ငန်းဖြစ်သဖြင့် တိုးချဲ့လုပ်ကိုင်ကြစေလိုကြောင်း”မှာကြားခဲ့ပြီး ​တိုင်း​ဒေသကြီးဝန်ကြီးချုပ်က "ငါး​မွေးမြူ​​ရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် ​ငါးသား​ပေါက်များ စျေးနှုန်းသက်သာစွာရရှိ​အောင် ​ဆောင်ရွက်​ပေးနိုင်​ရေး၊ ​ဒေသတွင်း ငါးမျိုးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်​အောင်​ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ​ဆောင်ရွက်ရာတွင်လိုအပ်ချက်များရှိပါကလည်း တင်ပြ​ဆောင်ရွက်ကြရန်" မှာကြားခဲ့ပါသည်။ 

ထို့​နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်နှင့် တိုင်း​ဒေသကြီးဝန်ကြီးချုပ်တို့က မွေးမြူ​ရေးလုပ်ငန်း​နှင့် သား​ဖောက်လုပ်ငန်း ဆောင်ရွက်​နေမှုအ​ခြေအ​နေများအား လိုက်လံကြည့်ရှုစစ်​ဆေးခဲ့​ပါသည်။ ဓနလှိုင် ငါးမွေးမြူရေးနှင့် ငါးမြစ်ချင်းသားပေါက်လုပ်ငန်းမှယခုနှစ်ငါးဆေးထိုးသားဖောက်ခြင်းကိုဖေဖော်ဝါရီလမှစ၍သားဖောက်ခဲ့ပြီးယနေ့အထိထုတ်လုပ်မှုလျာထားချက် ငါးမှုံ သိန်းပေါင်းနှစ်သောင်းမှ သိန်းပေါင်းတစ်သောင်းသုံးထောင်အားထုတ်လုပ်မွေးမြူ ဖြန့်ဖြူးနိုင်ခဲ့ပြီး ဆေးထိုးသားဖောက်ခြင်းကိုလည်း စက်တင်ဘာလကုန်အထိဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လျာထားချက်ကျော်လွန်၍ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ငါးသားပေါက်များအား ဈေးနှုန်းသက်သာစွာထုတ်လုပ်ဖြန့်ဖြူးပေးလျှက်ရှိခြင်းကြောင့် ကုန်ဈေးနှုန်းလျော့ကျရေးကိုလည်းများစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်းသိရသည်။

15-Jun-2023