၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြူလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်ပွဲ၊၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ရှေးဦးစွာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက  မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးစွမ်းအား မြင့်မားရေးနှင့် ပန်းတိုင်အထွက် နှုန်းရောက်ရှိစေရေးအတွက် တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက် ထွက်ရှိရေးအတွက်    စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်အောင်ခရိုင်သည် နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ယခုနှစ်တွင် မိုးနေကြာ ပိုမိုအောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ ရာသီမှန်ကန်စွာနှင့် နေရာဒေသမှန်ကန်စွာစိုက်ပျိုးစေရေးနှင့် အောင်မြင်ဖြစ်ထွန်းစေရေး တောင်သူများ၊စိုက်ပျိုးရေးအဖွဲ့များပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများအားအခြေခံပြီး  ဒေသမှ ထွက်ရှိသည့် ကုန်ကြမ်းများအား အသုံးပြု၍ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် Contract Farmingစနစ်၊ သမဝါယမအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ MSMEလုပ်ငန်းများ၊ တောင်သူများက ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊တစ်ဧကအထွက်နှုန်းပိုမိုထွက်ရှိရေးအတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းစိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာနှင့်ဓါတ်မြေသြဇာများ အချိုးကျ သုံးစွဲကြရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊တောင်သူများအနေဖြင့် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ ပိုမိုစိုက်ပျိုးပြီး စိုက်ပျိုးရေးစံပြတိုင်းဖြစ်အောင်  ဝိုင်း၀န်းကြိုးပမ်း ပေးကြစေလိုကြောင်းအမှာစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့်  မျိုးစပါးနှင့် သွင်းအားစုများအား မြန်အောင်၊ကြံခင်း၊အင်္ဂပူမြို့နယ်များမှ တောင်သူများထံသို့လည်းကောင်း၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား မြန်အောင်၊ကြံခင်း၊အင်္ဂပူမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံသို့လည်းကောင်းလွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ မြန်အောင်မြို့နယ်အတွင်းရှိ ဌက်ကြီးကွင်းကျေးရွာ၊ညောင်ချဉ်ကျေးရွာ၊ကြံခင်းမြို့နယ်အတွင်းရှိ ကွေ့မကျေးရွာ၊ရှောက်ခုံကျေးရွာ၊အင်္ဂပူမြို့နယ်အတွင်းရှိ တလိုင်းကွင်းကျေးရွာ၊ထူးကြီးမြို့တို့မှ တောင်သူများက တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကို  တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

10-Jun-2023