မအူပင်မြို့၌ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၌ ယမန်နေ့ညနေပိုင်းက ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် အမှတ်(၃) ရပ်ကွက်ရှိ ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်မြေခခြင်း၊ စေတီတော်မြတ်ကြီးအနီးရှိ မိုးကုတ်ဝိပဿနာတရားစခန်းရှိ တရားရိပ်သာ ဆန်းရှိတ်နှင့် ကျောက်ထုတ် ပြိုကျခြင်း၊မအူပင်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ဆောင်၊ (၃)ထပ် စာသင်ဆောင် (Lဆောင်)များ ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် အဆိုပါနေရာများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့အဖွဲ့ဝင် ဝန်ကြီးများ၊တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်တက္ကသိုလ်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများရှိခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် မြေညီထပ်ရှိနံရံများ အက်ကွဲပျက်စီးခြင်း၊ဒုတိယထပ်ရှိ ဆောက်လုပ်ရေးအဆက်နေရာရှိတိုင်နှင့်ယက္မများပျက်စီးခြင်း ၊တတိယထပ်ရှိ ကွန်ကရစ်တိုင်နှင့် နံရံပျက်စီးခြင်း၊ မျက်နှာကြက်များပျက်စီးခြင်းများနှင့် ၃ထပ်စာသင်ဆောင်(Lဆောင်)တွင် ဆင်ဝင်ရှိကွန်ကရစ်တိုင်တစ်တိုင်နှင့် ညာဘက်အစွန်ရှိကွန်ကရစ်တိုင် နှစ်တိုင်ပျက်စီးခြင်း၊ ‌မြေညီထပ်ရှိနံရံများ၏ plasterများ ပျက်စီးနေခြင်းများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ထိခိုက်မှုများအား တိုင်းတာစစ်ဆေးမှုများဆောင်ရွက်ရန်၊ ဘွဲ့နှင်းသဘင်ဆောင်အတွင်းရှိ ပရိဘောဂပစ္စည်းများအား အနည်းဆုံးအင်အားနှင့်ပြောင်းရွှေ့ဆောင်ရွက်ထားရန်၊ ထိခိုက်မှုရှိခဲ့သည့် အဆောင်များမှ ရုံးခန်းများ၊ စာသင်ခန်းများပြောင်းရွှေ့ဖွင့်လှစ်သင်ကြားနိုင်ရေးဆောင်ရွက်ရန်၊ (၃) ထပ်ဆောင်ထိခိုက်ခဲ့သည့်နေရာများသို့ သွားလာမှုမရှိစေရေးဆောင်ရွက်ရန်နှင့် တက္ကသိုလ်ပုံမှန်ဖွင့်လှစ်သင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီးအနီးရှိ မိုးကုတ်ဝိပဿနာတရားစခန်းရှိ၊တရားနာဆောင်ဆန်းရှိတ်နှင့် ကျောက်ထုတ်ပြိုကြမှုနှင့် ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦခိုင်ခံ့မှုအားတိုင်းတာစစ်ဆေး၍ ပြန်လည်ပြုပြင်နိုင်ရေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့ပြီး သီလရှင်ဆရာကြီးများအား ဖူးမြော်ကြည်ညို၍ အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့သည်။ယင်းနောက် ရွှေဘုန်းမြင့်စေတီတော်ကြီးသို့ သွားရောက်၍  ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ရေချမ်း၊ဆီမီးများကပ်လှူပူဇော်ဖူးမြော်ကြည်ညိုခဲ့ပြီးနောက် ငလျင်လှုပ်ခတ်မှုကြောင့် မြေခခဲ့သည့် စိန်ဖူးတော်အားဖူးမြော်ခဲ့ကာ စိန်ဖူးတော်ပြန်လည်တင်လှူပူဇော်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

08-Jun-2023