တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT(၉/၂၀၂၃)သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်

မြောင်းမြပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအားကြိုဆိုပွဲအခမ်းအနားအား ယနေ့ည‌နေပိုင်းက အဆိုပါကောလိပ်၏  ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပညာရေးကောလိပ်မှ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား “ပွင့်ဖူးဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ပညာရေးနှင့်ပတ်သက်လျင် လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာတိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံး၍ ဆရာ၊ဆရာမများအဖြစ် တာဝန်ကျရာ ကျောင်းအသီးသီးတွင် အများအကျိုး ကိုယ်ကျိုးမဖက် ထမ်းရွက်တတ်သူ ဆရာဟူ၏ ဆိုသည့်အတိုင်း တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိတွေပြည့်ဝလာအောင်သင်ပြပေးရမှာ ဖြစ်ပါကြောင်း၊ဆရာ၊ဆရာမများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များ ကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ကြသူများ ဖြစ်ပါကြောင်း၊ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသ ကျောင်းများသို့ ရောက်ရှိတာဝန်ထမ်းဆောင်သည့်အခါ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှုမြင့်မားရေးနှင့် အနည်းဆုံး KG+9ပြီးမြောက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း”ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက် သင်တန်း တက်ရောက်သူများနှင့် မိတ်ဆက်ပေးခဲ့ပြီး ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ မြောင်းမြပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) တွင် သင်တန်းသားသင်တန်းသူ ၅၁၇ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။

05-Jun-2023