တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား တက်ရောက်

ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊သင်တန်းသူများအားကြိုဆိုပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ် ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပညာရေးကောလိပ်မှ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား ပုသိမ်ပညာရေးဒီဂရီကောလိပ် လေးနှစ်သင်၊ဒုတိယနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများက လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအားကြိုဆိုပွဲကို “ကြိုဆိုလက်ကမ်းကံ့ကော်တန်း”သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးပညာရေးကဏ္ဍ ဆရာ၊ ဆရာမ လိုအပ်နေမှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဘွဲ့ရများအား လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များအားအခြေခံ၍ မိမိ၏တပည့်များအားပြန်လည်ပို့ချသင်ကြားပေးရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ယခုပညာသင်နှစ်၌ အခြေခံပညာကျောင်း၊ကိုယ်ပိုင်ပညာသင်ကျောင်း၊ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် (၇၂၉၃)ကျောင်းအားဖွင့်လှစ်ထားရှိပြီး ယနေ့အထိ ဆယ်သိန်းရှစ်သောင်းကျော် ကျောင်းအပ်နှံတက်ရောက်လျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၂ကျောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၂ကျောင်းအား ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီးဆရာ၊ဆရာမများ၏ အရည်အသွေများတိုးတက်မြင့်မားနေရန်လိုပါကြောင်း၊ ဆရာ၊ဆရာမများသည် တပည့်များ၏ စံနမူပြများဖြစ်သည့်အတွက် စည်းကမ်းတကျ ဝတ်စားဆင်ယင်နေထိုင်သွားလာကြရမှာ ဖြစ်ပါကြောင်း၊သင်တန်းသားသင်တန်းသူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆရာ၊ဆရာမများဖြစ်လာကြရန်အတွက် သင်တန်းများပို့ချပေးခြင်းများ စနစ်တကျလေ့လာမှတ်သားနာယူပြီး လက်တွေ့နယ်ပယ်တွင်ဆက်လက်လေ့လာသင်ယူကြကာ မိမိတို့၏ တပည်များကိုပြန်လည်သင်ကြားပေးချပေးရန်လိုပါကြောင်း၊နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ဆရာမများဖြစ်စေရေးကြိုးစားကြရန် နှင့် သင်တန်းမှ သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူဆည်းပူးကြရန်လိုပါကြောင်း”လမ်းညွှန်အမှာစကားပြောကြားပြီး သင်တန်းသား၊သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများကို ကျောင်းအုပ်ကြီးက ရှင်းလင်းတင်ပြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်ပညာရေးဒီဂရီကောလိပ် လေးနှစ်သင်၊ဒုတိယနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများနှင့် လေးနှစ်သင်၊ပထမနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသား၊ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းPPTT(၉/၂၀၂၃) အား ၂လကြာသင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၈၅၅ ဦးတက်ခွင့်ရရှိကြောင်းသိရသည်။