နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ကျုံပျော်ခရိုင်ပတွင်းရှိ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ကျုံပျော်မြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေးအတွက် ကြိုးစား​ဆောင်ရွက်လျှက်ရှိပြီး ယခုနှစ်တွင် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ဆန်စပါးဖူလုံပိုလျှံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေပါသေးကြောင်း၊ တစ်ဧကအထွက်နှုန်းပိုမိုထွက်ရှိရေးအတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ပိုက်ဆံ​လျှော် (သစ်စိမ်း​​မြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းစိုက်ပျိုးခြင်း၊ သဘာ​မြေသြဇာနှင့်ဓါတ်​မြေသြဇာများ အချိုးကျ သုံးစွဲကြရန်လို​ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ ပိုမိုစိုက်ပျိုးပြီး စိုက်ပျိုးရေးစံပြတိုင်းဖြစ်​​‌အောင်  ဝိုင်း၀န်းကြိုးပမ်း​ ပေးကြစေလိုကြောင်း”အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများအား ဓာတ်မြေဩဇာနှင့် မျိုးစပါးများအားထောက်ပံ့ပေးအပ်ခဲ့ပြီး ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျုံပျော်၊ရေကြည်၊ကျောင်းကုန်းမြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများနှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကွင်းအတွင်းမှ သဘာဝမြေဩဇာသုံး၍ ဓာတုကင်းလွတ်စပါးများ သုတေသနပြု စိုက်ပျိုးထုတ်လုပ်မှုများနှင့်ပတ်သက်၍ သုတေသသနအရာရှိ ဒေါ်ဖြူပြာလွင်ကလည်းကောင်း၊ဆာဖိုးသာမျိုးစေ့ ထုတ်လုပ်နေမှုအား မုန်းသီတာကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းဇော်ကလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ ကျုံပျော်မြို့နယ်အတွင်းရှိ ပျဉ်ချဆိပ်ကျေးရွာ၊သောင်ရွာကျေးရွာ၊ ရေကြည်မြို့နယ်အတွင်းရှိ နွားရေတိုက်ကျေးရွာ၊ဆီဆုံကုန်းကျေးရွာ၊ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကောက်ကြီးကုန်းကျေးရွာ၊မကျည်းပင်ကွင်းကျေးရွာတို့မှ တောင်သူများက တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီးနောက် ရေကြည်မြို့နယ်၊ကွင်းသုံးဆင့်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က​ ​ဒေသခံ​တောင်သူများ၏ ဆွေး​နွေးတင်ပြချက်များအ​ပေါ် ​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့​ပြီး ခင်းကျင်းပြသထားသည့် မျိုးစပါးများနှင့် ဆန်အရည်အ​သွေးများကို ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံ​​ပျော်ခရိုင်၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ ရိတ်သိမ်း​ခြွေ​လှေ့စက်​မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအ​ခြေခံသင်တန်းဖွင့်လှစ်ပို့ချရန်ပြင်ဆင်​ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့​နောက် တိုင်း​ဒေသကြီးစက်မှုလယ်ယာဦးစီးမှူးမှ သင်တန်းဖွင့်လှစ်​ဆောင်ရွက်မည့်အ​ခြေအ​နေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​ကျေးလက်​နေ​တောင်သူလယ်သမားများအား လယ်ယာသုံးစက်ကရိယာများ၊ ရိတ်သိမ်း​ခြွေ​လှေ့စက်များ စနစ်တကျကိုင်တွယ်​မောင်းနှင်ရိတ်သိမ်းနိုင်​ရေး သင်ကြားပြ​​သ​ပေးရန်၊ သင်တန်းကာလအတွင်း သင်တန်းသားများ ​တည်းခို​နေထိုင်စား​သောက်မှု​များ အဆင်​ပြေ​အောင်​ ဆောင်ရွက်​ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး သင်တန်းခန်းမ​ဆောင်ပြင်ဆင်ထားရှိမှုနှင့် သင်​ထောက်ကူ စက်ပစ္စည်းများအား လိုက်လံကြည့်ရှုစစ်​ဆေးခဲ့ပါသည်။ အဆိုပါ ရိတ်သိမ်း​ခြွေ​လှေ့စက်​မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအ​ခြေခံသင်တန်းအား ၁၉.၆.၂၀၂၃ ရက်​နေ့မှ ၁၄.၇.၂၀၂၃ ရက်​နေ့ထိ သင်တန်းကာလ ၄ ပတ်ကြာ သင်တန်းသား​တောင်သူ ၅၀ ဦးအား သင်ကြားပို့ချ​ပေးသွားမည်ဖြစ်ပါသည်။

03-Jun-2023