ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ နယုန်လပြည့်မဟာသမယ အခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ် ကြီး၌ နယုန်လပြည့်မဟာသမယအခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားအား ယနေ့နံနက် ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းအတွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား တက်ရောက်လာသည့် ဧည့်ပရိသတ်များက“နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် မရမ်းချိုကျောင်းတိုက်မှ ဘဒ္ဒန္တဝဏ္ဏ သာရာဘိဝံသနှင့် ဘဒ္ဒန္တပညိန္ဒကတို့က ဘုရားပင့်ခြင်း၊ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကကိုးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာ တရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့်အတူ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ ရွှေမြကွင်း အခြေခံပညာအလယ်တန်းကျောင်း၊ ဖြန်ရေကျော်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲများသို့သွားရောက်ရှိ၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နေမှု များကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ အတန်းစဉ် ကူးပြောင်းရေးနှင့် ကျောင်းအပ်နှံတက်ရောက်ရန် မကျန်ရှိစေရေး သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှ ကွင်းဆင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ လိုအပ်ချက်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။