ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဝင်ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ပုသိမ်မြို့ပေါ်ရှိကျောင်းများတွင် ကျောင်းတက်ရောက်နေမှုများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရုံးအဝင်ကွန်ကရစ်လမ်း ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက အဆိုပါရုံးအဝင်လမ်းမုခ်ဦး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းရုံးအဝင် ကွန်ကရစ်လမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အခမ်းအနားမှူးက ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတရေးရာ ဝန်ကြီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံတို့က ကွန်ကရစ်လမ်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကွန်ကရစ်လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၅၃၀) ပေ၊ အကျယ် (၁၄) ပေ၊ ထု (၉) လက်မနှင့် တစ်ဖက်လျှင်(၃)ပေအကျယ်ရှိ လမ်းပုခုံး(၂)ခုနှင့် Box Culvert (၂)ခု ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာ၊ အမှတ်(၂၂၇) အခြေခံပညာမူလတန်းကျောင်း၊ ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းများသို့ များသို့သွားရောက်၍  ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ခုံများလုံလောက်စွာရရှိရေး၊  ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ အမှိုက်ခြင်း၊ အမှိုက်တောင်းများ စနစ်တကျထားရှိရေး၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိရေး လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ လိုအပ်ချက်များတင်ပြမှုအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

01-Jun-2023