၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၈ ခရိုင် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့၌ ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၈ ခရိုင် အသက် ၁၈နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တပ်မတော်မှအရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဘောလုံး အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ဗိုလ်လုပွဲအား ပုသိမ်ခရိုင်ကိုယ်စားပြုအသင်းနှင့် လပွတ္တာခရိုင် ကိုယ်စားပြု အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ရာပုသိမ်ခရိုင်အသင်းက လပွတ္တာခရိုင်အသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့်ခရိုင်အသင်းများမှ အားကစားသမားက နေရာယူကြပြီးနောက် တတိယဆုရရှိသည့်မအူပင်ခရိုင်မှ အားကစားသမားများအား ငွေသားဆုကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် လပွတ္တာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့်ပုသိမ်ခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးကြီးရဲမျိုးသန့်ကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်ကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကာ ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။