၂၀၂၃-၂၀၂၄ပညာသင်နှစ် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊သမီးများအားပညာသင်ထောက်ပံ့ကြေး၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂-၂၀၂၄ ပညာသင်နှစ် ၊ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက  ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း အဆင့် ဌာနဆိုင်ရာများ၊ကျောင်းသား၊ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား ကျောင်းသား၊ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊ ကျောင်းသူ ၁၁သိန်း၁သောင်းကျော်ရှိပြီး ယနေ့အထိ ၈၆ရာခိုင်နှုန်းကျော်အပ်နှံပြီးဖြစ်ပါကြောင်း၊ပညာရေးစနစ်သစ်၌ ပညာသင်ကြားရာတွင် အခက်အခဲမရှိစေရေးအတွက် နိုင်ငံ​တော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများ အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် ဆင်းရဲနွမ်းပါးမှုရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်း ပညာသင်စရိတ်ထောက်ပံ့ငွေများလည်းပေးအပ်လျက်ရှိပါကြောင်း၊ ပညာကိုလားသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ဆရာ၊ဆရာမ သင်ကြားမှုအရည်အသွေး ပိုမိုပြည့်ဝစေရေး Grade-9နှင့် Grade-12 အား ရက်တိုသင်တန်းများပို့ချဆွေးနွေးခဲ့ပါကြောင်း၊၂၀၂၃-၂၀၂၄ပညာသင်နှစ်၌စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများလည်း ပေါ်ထွန်းလာပြီဖြစ်ပါကြောင်း၊ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်လာလျင် ကျောင်းတက်ရောက်မှုအများဆုံး၊ကျောင်းဖွင့်လှစ်မှုအများဆုံး၊ ပြီးခဲ့သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ဒုတိယရရှိခဲ့ပါ​ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြပါ​​စေကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းအဆင့်များတွင်  တက်ရောက်ပညာသင်ယူမည့်ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း​ကောင်း၊ အထက်တန်းအဆင့်တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊ကျောင်းသူများအား  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မူလတန်းအဆင့်တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊ကျောင်းသူများအား တိုင်းမှူး၏ ဇနီးကလည်းကောင်း ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့ပြီးနောက် ကျောင်းသား၊ကျောင်းသူလေးများက“ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

30-May-2023