တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၌ ပြုလုပ်သည့် ကျောင်းအပ်နှံရေး အခမ်းအနားအားတက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်ဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ် အား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ ကျောင်းအပ်နှံရေးနေ့အခမ်းအနားအား ရတနာတန်ဆောင်ခန်းမ၌ ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက“မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ပေးပြီးနောက်  ဝန်ကြီးချုပ်က “၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယခုလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ် ထားပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ် ကူးပြောင်းမှုမြင့်မားစေရေး ရည်မှန်ချက်ထား ဆောင်ရွက်လျက်ရှိပြီး မိဘ၊ ဆရာ၊ အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊  ယခုပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများလည်း ရှိလာပြီဖြစ်၍ ထိုကျောင်းများ၌ မိမိတို့ဝါသနာ ပါသည့် ဘာသာရပ်များအား တက်ရောက်ပညာသင်ယူနိုင်ရေး အသိပညာပေးရန်လည်း လိုပါကြောင်း၊ မြန်မာ့ပညာရေးမျှော်မှန်းချက်များဖြစ်သည့် "ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9  ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေး၊ အသိ ပညာအတတ်ပညာပြည့်စုံသော ပညာတတ်များပေါများရေး၊ အရည်အသွေးရှိသော သင်ကြား သင်ယူမှုမြှင့်တင်ရေး၊ အသုံးချသုတေသနနှင့်တီထွင်ဆန်းသစ်မှုအားပေးရေး" ဆိုသည့် ရည်မှန်းချက်(၄)ရပ် ပေါက်မြောက်အောင်မြင်စေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းတက်ရောက်စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း” ပြောကြားသည်။

ဆက်လက်၍  တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါက်တာကျော်စိုးနိုင်က ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ စာသင်ဆောင်များ ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေး ကရိယာနှင့် ကျောင်းဝတ်ဆုံများ အခမဲ့ထောက်ပံ့ပေးအပ်မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက  အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကရိယာများနှင့် ကျောင်းဝတ်စုံများအား အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် ဂုဏ်ပြုနှုတ်ဆက်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး လှုပ်ရှားဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများအား ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန်ကြီးထောင့် မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာ တောင်သူဒေါ်ခင်အုံးမြင့်၏ စိုက်ဧက(၅)ဧက၍ ပြုလုပ်သည့် တစ်နှစ်သုံးသီးစိုက် စပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်၍ တတိယသီးနှံ ပခန်း​ရွှေဝါနွေစပါးစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက တောင်သူ ဒေါ်ခင်အုန်းမြင့်၏ လယ်မြေတွင် တစ်နှစ်သုံးသီး သီးနှံစိုက်ပျိုးထုတ်လုပ်မှုအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က " စပါးသီးနှံအပြင် ဆီထွက်သီးနှံနေကြာနှင့် အခြားသီးနှံများကိုလည်း သီးထပ်စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူ များအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ​​အောင် ဆောင်ရွက်ရေး" လမ်းညွှန် မှာကြားခဲ့ပါသည်။  အဆိုပါတောင်သူ၏လယ်မြေမှ တတိယသီးနှံနွေစပါးတစ်ဧကလျှင် စပါးအ​ခြောက် (၁၀၅)တင်းနှုန်း ထွက်ရှိခဲ့ကြောင်းသိရသည်။

30-May-2023