နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းအားတက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဖျော်ဖြေရေးအဖွဲ့များ၏ ကပြတီးခတ်ဖျော်ဖြေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားတက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က“ယနေ့ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့နယ်၊ထိန်ကုလားကျေးရွာကုန်ထုတ်လမ်းသည် ကျေးရွာအတွက် အမှန်တကယ်အကျိုးရှိမည့် လမ်းဖြစ်ပြီး ကျေးရွာ၏ လူမှုရေး၊စီးပွားရေး၊ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၌ များစွာအထောက်အကူအကူ ပြုစေမှာဖြစ်ပါကြောင်း၊ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းအတွင်းပိုင်းအား မြစိမ်းရောင်ကျေးရွာ အတိုးရငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ဆက်လက်လိုအပ်နေသည့် လမ်းပိုင်းအတွက်ကိုလည်း ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ၆၉သန်းကျော်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ရာသီမရွေး အသုံးပြုနိုင်သည့် လမ်းတစ်လမ်းအဖြစ် ယနေ့တွေ့မြင်ရသည်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ဒေသခံပြည်သူများအနေဖြင့်လည်း ကုန်ထုတ်လမ်းအား ရေရှည်တည်တံ့ပြီး သားစဉ်မြေးဆက်အကျိုးရှိစွာအသုံးချနိုင်ဖို့ သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်းထိန်းသိမ်းပေးရမှာဖြစ်ပါကြောင်း၊ မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသောပညာရေး၊ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေးလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊အထူးသဖြင့် ပညာရေးပိုင်းတွင်လည်း ကျောင်းသား၊ကျောင်းသူများအားလုံး ကျောင်းတက်ရောက်ရန်လည်းလိုပါကြောင်း၊ပညာရေးတိုးတက်မှ ကျေးရွာနှင့် လူမှုရေးများပါ တိုးတက်မည်ဖြစ်ပါကြောင်း၊ အနာဂတ်လူငယ်လူရွယ်များအား ပညာရေးကို ကြိုးစားသင်ကြားပေးဖို့လည်းပြောကြားလိုပါကြောင်း၊သက်ဆိုင်ရာဌာနများအပြင် မိမိတို့ကလည်းအားထည့်လုပ်ဆောင်ပါက ထိန်ကုလားကျေးရွာသည် နောင်မကြာမီကာလအတွင်း၌ ယခုထက်ဖွံ့ဖြိုးတိုးတက်သည့် ကျေးရွာကြီးဖြစ်ပါစေကြောင်း”အဖွင့်အမှာစကားများပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးသည် ကျေးလက်ဒေသအားအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး ကျေးလက်နေလူဦးရေ (၈၅) ရာခိုင်နှုန်းနှင့် မြို့ပေါ်နေလူဦးရေ (၁၅)ရာခိုင်နှုန်းရှိပါကြောင်း၊ ကျေးလက်နေပြည်သူလူထု၏ ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊လျှပ်စစ်ပိုင်းဆိုင်ရာ အပါအဝင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊တစ်ဖက်မှလည်း နိုင်ငံတော်မှစီမံဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်မှလည်းပြည်သူလူထုအနေဖြင့် လမ်းကိုရေရှည်တည်တံ့ ခိုင်မာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း" အမှာစကားများဆက်လက်ပြောကြားခဲ့ပြီးနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီးနောက် ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။အဆိုပါလမ်းသည် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးတွင် ဆောင်ရွက်ခဲ့သော လမ်းဖြစ်ပြီး လမ်းအရှည် ၂၄၅၀ပေ၊အကျယ်၁၀ပေနှင့် ထု၇လက်မရှိကြောင်းသိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ထိန်ကုလားကျေးရွာ မူလတန်းလွန်ကျောင်းသို့သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ ကျောင်းလာရောက်အပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ စာရေးကရိယာပစ္စည်းနှင့် ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။