ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အခြေခံပညာကျောင်းများဖွင့်လှစ်ရန်ဆောင်ရွက်ထားရှိမှုများနှင့် ကျောင်းအပ်နေမှုများအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ချိန်အမီအသင့်ဖြစ်စေရေး သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်ခြင်းများအား တစ်တိုင်းလုံးအနေဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့်ပြည်သူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကျောင်းများအတွင်းစုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်နေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခြေခံပညာအထက်တန်းကျောင်းခွဲ(လ-၂)၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍  နယ်မြေခံတပ်ရင်း ၊ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများက သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့်စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်ခြင်းများဆောင်ရွက် နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းများအချိန်မီပြီးစီးစေရေးဆောင်ရွက်ရန်၊ သစ်ပင်ကိုင်းများခုတ်ထွင်ရှင်းလင်း၍ အလင်းရောင်ကောင်းစွာရရှိစေရေးဆောင်ရွက်ရန်နှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေ ပေးသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထုတ်ပေးနေမှုများ၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဌာန တာဝန်ရှိသူ များအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းအပ်နှံတက်ရောက် စေရေးအတွက် ရပ်ကွက်ကျေးရွာများအလိုက် အသိပေးဆောင်ရွက်ကြရန်"  ဆက်လက်မှာကြားခဲ့ကြောင်းသိရသည်။

27-May-2023