ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်ခေါင်းဆောင်မှုသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ပြုလုပ်သည့် ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်ခေါင်းဆောင်မှုသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ “သင်တန်းကာလအချိန်တိုတောင်းသော်လည်း သင်တန်းသား၊သင်တန်းသူများအား သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို ပို့ချဆွေးနွေး
ခဲ့ပြီးဖြစ်ပါကြာင်း၊သဘာဝဘေးအန္တရာယ်အမျိုးမျိုးရှိပြီး ပျက်စီးဆုံးရှုံးမှုများလည်း များပြားပါကြောင်း၊ သဘာဝဘေးမဖြစ်မီကြိုတင်ပြင်ဆင်ခြင်း၊ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးဖြစ်နေစဉ် အရေးပေါ်တုန့်ပြန်ခြင်းနှင့် သဘာဝဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး ပြန်လည်တည်ဆောက်ရေးစသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအပြင် ခေါင်းဆောင်မှု၊ အသင်းအဖွဲ့အလိုက်လုပ်ဆောင်တတ်မှု စသည့်သင်ခန်းစာများပို့ချဆွေးနွေးပေးခဲ့ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချဆွေးနွေးချက်များကို အလေးထားလိုက်နာမှတ်သားပြီး မိမိရပ်ရွာဒေသအတွင်း ပြန်လည်မျှဝေခြင်းအားဖြင့် လိုက်ပါဆောင်ရွက်လာနိုင်သည်အထိကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရန်ခက်ခဲမည်ဖြစ်သော်လည်း ကာကွယ်တားဆီးနိုင်ရန်အတွက် တစ်ဖက်မှလည်းကြိုတင်ပြင်ဆင်ရမှာဖြစ်ပါကြောင်း၊ယခုသင်တန်းအား ဖွင့်လှစ်ပို့ချမှုများကြောင့် သင်တန်းသား၊သင်တန်းသူများ၏ ဒေသအတွက်များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း” သင်တန်းဆင်းအမှာစကားပြောကြားသည်။
ယင်းနောက် သဘာဝဘေးဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းဆင်း အစီရင်ခံစာအား ဖတ်ကြားတင်ပြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား လူမှုရေးရာဝန်ကြီးကလည်းကောင်း သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက်သင်တန်းသားသင်တန်းသူများနှင့်အတူ နေ့လည်စာ စားသုံးခဲ့ကြသည်။ ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်ခေါင်းဆောင်မှုသင်တန်းအားယခု လ ၂၂ရက်နေ့မှ ၂၅ရက်နေ့အထိ ၅ရက်ကြာသင်တန်းပို့ချခဲ့ပြီး နေပြည်တော်၊ မန္တလေး၊ မကွေး၊ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မှ သင်တန်းသားသင်တန်းသူ ၃၅ဦးအား သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့၊အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေ ပေးသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထုတ်ပေးနေမှုများ၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဌာန တာဝန်ရှိသူ များအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းအပ်နှံတက်ရောက် စေရေးအတွက် ရပ်ကွက်ကျေးရွာများအလိုက် အသိပေးဆောင်ရွက်ကြရန်" မှာကြားခဲ့ပြီး ဟင်္သာတခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဟင်္သာတမြို့ပေါ်ရှိ အခြေခံပညာဆရာ၊ဆရာမများအားBiometric Data များကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကာ အချက်အလက်များ မှန်ကန်မြန်ဆန်စွာဖြည့်သွင်းစေရေးနှင့်စနစ်တကျမှတ်တမ်းထားဆောင်ရွက်စေရေး မှာကြားခဲ့သည်။