ကန်ကြီးထောင့်မြို့၌ပြုလုပ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ်အား ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၌  စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ်အား ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ်အား  တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ယင်းနောက်  ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအားပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မိမိတို့တိုင်းဒေသကြီး၌ စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်း(၂)ကျောင်း၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း (၂)ကျောင်း၊ စုစုပေါင်း(၄)ကျောင်းအား ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့်  စိုက်ပျိုးမွေးမြူရေးကို ဝါသနာပါသည့် ကျောင်းသား၊ကျောင်းသူများ ထွက်ပေါ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများ၌ စိုက်ပျိုးမွေးမြူရေးပညာရပ်များကို  အခြေခံကျကျသင်ယူဆောင်ရွက်ရမည်ဖြစ်ပြီး အထူးအောင်၊ အဆင့်မီအောင်နှင့် ရိုးရိုးအောင်စသည့် အောင်မြင်မှုများအလိုက် တက္ကသိုလ်များ၊ သိပ္ပံများနှင့် လုပ်ငန်းခွင်အသီးသီးသို့ဝင်ရောက်နိုင်မည့် အခွင့်အရေးကောင်းများရှိပါ၍ မိမိတို့၏တပည့်များ လမ်းကြောင်းမှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေးနှင့် တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် စိုက်ပျိုးမွေးမြူရေး ပညာရှင်များမွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်”ပြောကြားခဲ့သည်။ ယင်းနောက် ဆောက်လုပ်ရေးကုမ္ပဏီက ကျောင်းဆောင်နှင့်ပတ်သက်သည့် မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

24-May-2023