ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်သို့ ချေးငွေထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ် သို့ ချေးငွေထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ​မေလ ၂၃ ရက်​နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ နိုင်ငံ့စီးပွား မြှင့်တင်ရေး တိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် ကော်မတီအဖွဲ့ဝင်များ၊  ခရိုင်၊ မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။

ဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေး တိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် " ဧရာဝတီတိုင်းဒေသကြီး သည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ယခုနှစ်မိုးရာသီမှ စတင်၍ မိုးစပါး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးနှင့် ဒေသတွင်း ဆီဖူလုံမှုရှိစေရေး အတွက် နေကြာနှင့် ဆီထွက်သီးနှံများ လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ချေးပေးသွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်မည့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လုပ်ငန်းများကို ဦးစားပေး စဉ်းစားကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွက် ထုတ်ပေးထား သည့်ငွေမှာ တိုင်းဒေသကြီးအတွင်း လည်ပတ်နေမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် စိတ်ပါဝင်စားပြီး အလားအလာရှိသော လုပ်ငန်းရှင်များ၊ စိုက်ပျိုး၊ မွေးမြူရေးတောင်သူများအား  ထုတ်ချေးပေးသွားမှာဖြစ်ပါကြောင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီအဆင့်ဆင့်မှ သတ်မှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီအောင် စိစစ်ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း" ပြောကြားခဲ့သည်။

ထို့နောက် ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးပေးနိုင်ရေးအတွက် ကော်မတီအဆင့်ဆင့်အလိုက် ဆောင်ရွက် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အဆင့် ကော်မတီဥက္ကဋ္ဌများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရယူဆောင်ရွက်လိုသည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ ထုတ်လုပ်မှုလုပ်ငန်း များအား အသီးသီး ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ကော်မတီဝင်များက ဖြည့်စွက် ရှင်းလင်း တင်ပြခဲ့ကြပါသည်။ ထို့နောက် အစည်းသို့တက်ရောက်လာသည့် ကော်မတီဝင်များက အထွေထွေဆွေးနွေး တင်ပြကြရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး တိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

24-May-2023