ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးရေးသိပ္ပံကျောင်း(မြောင်းမြ)၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမ၌ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။

ဦးစွာ ကျောင်းအုပ် ဆရာမကြီးက ကျောင်းဆိုင်ရာအချက်အလက်များနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၌ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များစွာ လိုအပ်နေပါသေးကြောင်း၊ စိုက်ပျိုးရေးကွင်းများတွင် တောင်သူ ဦးကြီးများအား ပါဝင်ကူညီဆောင်ရွက် အသိပညာပေးရန်လည်းလိုအပ်ပါကြောင်း၊ ကျောင်းဖွင့် ရာသီဖြစ်သဖြင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ထားကြရန်လိကြောင်း၊ ယခုနှစ်ပညာသင်နှစ်တွင် တိုင်းဒေသကြီးအတွင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စိတ်ပါဝင်စားပြီး သင်ကြားပေးသည့် ကျောင်းများတွင် တက်ရောက်ရေး အသိပညာပေးဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်းတွင် စိုက်ပျိုးကြသည့် သီးနှံများနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလေ့လာ၍ လက်တွေ့သင်ကြားပြသပေးရန်နှင့် လိုအပ်ချက်များရှိပါကလည်း တင်ပြဆောင်ရွက်ကြရန်” ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန  နည်းပညာပြန့်ပွားရေးစင်တာ၌ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး တောင်သူနည်းပညာပေးသင်တန်းသို့ရောက်ရှိ၍ တောင်သူ များနှင့် တွေ့ဆုံခဲ့ပြီး “မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုနေပါသေးကြောင်း၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး အတွက် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများဖြင့် စိုက်ပျိုးရေးမှ တာဝန်ရှိ သူများ၊ အတွေ့အကြုံရှိသူများ၏ ဆွေးနွေးချက်များအား အလေးလိုက်နာ လုပ်ဆောင်ရန် လိုပါကြောင်း၊ အထွက်နှုန်းတိုးတက်ရေးအတွက် သမာရိုးကျ စိုက်နည်းစနစ်များဖြင့်မဟုတ်ဘဲ စိုက်ပျိုးရေးဦးစီးဌာနမှ ဆွေးနွေးပို့ချပေးသည့်နည်းစနစ်များနှင့် ပေါင်းစပ်၍ အောင်မြင်အောင် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း”ပြောကြားပြီး တောင်သူများအား ဆင်းသုခ၊ ပေါ်ဆန်းရင်၊ ဧရာမင်း၊ ပေါ်ဆန်းကြီး မျိုးသန့်မျိုးပွားမျိုးစေ့များအား ထောက်ပံ့ပေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆိုင်ကလုန်းမုန်တိုင်း"မိုခါ" (MOCHA) လေဘေးသင့်ဒေသများသို့ ပေးပို့ လှူဒါန်းမည့် ငါးပိ(၁၀၀၀) ပိသာ၊ ငါးနီတူခြောက် (၁၀၀၀)ပိသာ၊ အိုင်အိုဒင်းဆား (၁၀၀၀)ပိသာ၊ ခေါက်ဆွဲခြောက် (၅၀၀)ဖာ၊ ကြက်ဥ/ဘဲဥ အလုံးရေတစ်သိန်း ထုပ်ပိုးပြီးစီး၍ သွားရောက်ပို့ဆောင်ရန်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးပို့လှူဒါန်းသည့်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် လိုအပ်သည့် နေရာများသို့ အမြန်ဆုံးရောက်ရှိစေရေး စနစ်တကျ ပို့ဆောင်ကြရန်မှာကြားခဲ့သည်။

22-May-2023