ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ (၃) မိုင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ထင်းရှူးမြိုင်လမ်း နှင့်ပိတောက်လမ်းထောင့် ရှိ လပွတ္တာမြို့နယ်တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။ 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့နယ် တရားရုံးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကြပါသည်။ ဆက်လက်၍ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ Royal Ayar Creative & Construction Co., Ltd ကုမ္ပဏီဒါရိုက်တာက အဆောက်အဦတည်ဆောက်ခြင်း လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကို လပွတ္တာမြို့နယ်တရားသူကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဧည့်သည်တော် များထံ အထိမ်းအမှတ်ပစ္စည်းနှင့်အထိမ်းအမှတ်အလံငယ်များ ပေးအပ်ခဲ့ပြီး မြို့နယ်တရား သူကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည်သည်တော်များက တရားရုံးအဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှု ကြပါသည်။ လပွတ္တာမြို့နယ်တရားရုံး၊ ပင်မရုံးအဆောက်အဦသစ်မှာ အလျား ၁၈၀ ပေ အနံ ၇ဝ ပေ အကျယ်အဝန်းရှိပြီး သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အအုံဖြစ်ပြီး တရားစီရင်ရေး ဆိုင်ရာလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါသည်။

22-May-2023