ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း(လပွတ္တာ)၌ ဖွင့်လှစ်သည့် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်၊ လက်ကိုင်ဖုန်းပြင်သင်တန်းဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(လပွတ္တာ)၌ ဆောက်လုပ်ရေး သင်တန်း အမှတ်စဉ်(၈)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၅)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၅)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၀)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲများအား ယနေ့နံနက်ပိုင်းက လပွတ္တာ(၃)မိုင်မြို့သစ်ရှိ အဆိုပါသင်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းများဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ယခုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းအားဖြင့် တိုင်းဒေသကြီးအတွက် များစွာအကျိုးပြုနေ ပါကြောင်းနှင့် လိုအပ်ချက်များကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သင်တန်းတက်မြောက်အောင်မြင်သွားသည့် လူငယ်များအနေဖြင့် အလုပ်အကိုင် အခွင့်လမ်းများ ရရှိသည့်အတွက် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ရခြင်းသည် များစွာအကျိုးရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲရေး၊ နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ သင်တန်းများတွင်လည်း နည်းပညာမြင့် သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှဆင်း၍ လက်တွေ့လုပ်ငန်းခွင်နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လိုအပ်ချက်များကိုလည်း အကြံပြုဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ သင်တန်းကာလ၌ ကြိုးစားဆောင်ရွက်သွားရန်လည်းလိုပါကြောင်းနှင့် သင်ကြားပေးသည့် အတတ်ပညာများကိုလည်း စနစ်တကျတတ်မြောက်အောင် သင်ကြားကြရန် လိုပါကြောင်း၊  သင်ယူတတ်မြောက်သည့် ပညာရပ်များဖြင့် မိမိတို့၏မိသားစု၊ မိမိတို့၏ ဒေသအတွက် ပြန်လည်အကျိုးပြုကြစေလိုကြောင်း" ပြောကြားပြီး သင်တန်းသားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အဝင်ဝန်ကြီးများနှင့်အတူ လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ရာ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး အတွက်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဒေသရာသီဥတုနှင့်ကိုက်ညီသည့်အထွက်နှုန်းကောင်း မျိုးစပါးများဖြင့်မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ မြေပြုပြင်ခြင်း၊ ရေလုံလောက်စွာရရှိရေးဆောင်ရွက်ပေးခြင်း၊ ကြဲခင်းစနစ်စိုက်ဧကများလျော့ချခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓါတ်မြေသြဇာ၊ ဇီ၀မြေသြဇာ၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)တို့အားမျှတစွာသုံးစွဲခြင်း၊ ရိတ်သိမ်းခြွေလှေ့ချိန် အလေအလွင့်နည်းပါးစေရေး အလေးထားဆောင်ရွက်ရေးတို့ကိုလည်း သက်ဆိုင်ရာ စိုက်တိုးမြှင်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် စနစ်တကျကြပ်မတ်ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ရန်လိုပါကြောင်းနှင့် စာရင်းဇယားဖြင့် စနစ်တကျမှတ်သားတင်ပြကြရန်”ပြောကြားခဲ့သည်။

22-May-2023