ကြံခင်းမြို့နယ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်) ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့လွှဲပြောင်းအပ်နှံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ်ရှိ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်) ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားသို့တက်ရောက်၍ ကျောင်းဆောင်သစ်မုဒ်ဦးအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ယင်းနောက် ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ကျောင်းဆောင်သစ်၊ စာသင်ခန်းများ၊ ကွန်ပျူတာခန်းများပြင်ဆင်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားအားပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)အား အချိန်မီဆောက်လုပ်၍ ယနေ့တွင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ကျောင်းဆောင်များ၌ ကျောင်းတက်ရောက်မည့်သူများအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကိုလည်း ပြည့်ပြည့်စုံစုံထားရှိပြီး ဖြစ်ပါကြောင်း၊ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၌ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၂)ကျောင်း၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၂)ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည်စိုက်ပျိုးမွေးမြူရေးအခြေခံသည့်တိုင်းဒေသကြီးဖြစ်ရာစိုက်ပျိုးမွေးမြူရေးပညာရှင်များများစွာလိုအပ်ပါကြောင်း၊ထို့အပြင်စိုက်ပျိုးမွေးမြူရေးနှင့် MSMEsလုပ်ငန်းများအတွက်လည်းစက်မှုကဏ္ဍဖွံ့ဖြိုးလာစေရန်လိုအပ်ပါကြောင်း၊တိုင်းဒေသကြီးမှ အားထားရသည့် စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ဖြစ်ပါစေကြောင်းနှင့် ဆရာ၊ဆရာမကြီးကလည်း ကျောင်းသား၊ကျောင်းသူများ ပိုမိုတက်ရောက်နိုင်ရေး စည်းရုံးဆောင်ရွက်ပေးကြစေလိုကြောင်း”ပြောကြားသည်။
ယင်းနောက် ဆောက်လုပ်ရေးကုမ္ပဏီက ကျောင်းဆောင်နှင့်ပတ်သက်သည့် မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်) ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တလိုင်းကွင်းကျေးရွာရှိ တောင်သူဦးစိုးမင်းအောင်၏ လယ်မြေဧက ၃၀တွင် တစ်နှစ်သုံးသီးတိုးတက်စိုက်ပျိုးထားသည့် တတိယသီးနှံ နွေစပါး(ရက်၉၀)မျိုးစပါးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများအားကြည့်ရှုအားပေးခဲ့ပြီး တစ်နှစ်သုံးသီးစိုက်ပျိုးမှုများပိုမိုဆောင်ရွက်စေရေးနှင့်အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်း တာမိုင်(၅/၅)တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနဒေသ(၂)၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ ၂၀၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံ ငွေဖြင့်ဆောင်ရွက်သည့် ကမ်းပြိုကာကွယ်ရေးတည်ဆောက်ခြင်းလုပ်ငန်းအလျား(၂၆၀) ပေ၊ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းဆောင်ရွက်နေ မှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် လုပ်ငန်းတာဝန်ခံမှ ကမ်းထိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးမကျမီပြီးစီးစေရေးအင်တိုက်အားတိုက်ဆောင်ရွက်ရန်နှင့် ရေရှည်ခိုင်ခံ့စေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။