ညောင်တုန်းမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း(စက္ကော့) ‘ဧရာရွှေပြည်’ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်၊စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း(စက္ကော့) ‘ဧရာရွှေပြည်’ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားသို့တက်ရောက်၍ ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ကျောင်းဆောင်သစ်ဆအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအားပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခုပညာသင်နှစ်၌ စက်မှု၊စိုက်ပျိုး၊မွေးမြူရေး(၅၁)ကျောင်း ဖွင့်လှစ်ရန်ဆောင်ရွက်ခဲ့ပြီး မိမိတိုင်းဒေသကြီး၌(၄)ကျောင်းပါဝင်ပါကြောင်း၊ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မွေးမြူရေးအနေဖြင့် ငါးမွေးမြူရေး၊ပုစွန်မွေးမြူရေး၊ဂဏန်းမွေးမြူရေးလုပ်ငန်းများလည်းရှိပါကြောင်း၊ဆီထွက်သီးနှံများအတွက် အရေးပါသည့် ပျားမွေးမြူရေးလုပ်ငန်းကိုလည်း မွေးမြူလုပ်ကိုင်လျက်ရှိ ပါကြောင်း၊မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံ၏စပါးကျီဟု ပြောရမှာဖြစ်သော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန်လိုပါသေးကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို ဝါသနာပါသည့် ကျောင်းသား၊ကျောင်းသူများ ထွက်ပေါ်လာစေရေးအတွက် ဆရာကြီး၊ဆရာမကြီးများနှင့် ရပ်မိရပ်ဖများကလည်း ဝိုင်းဝန်းစည်းရုံးပြောဆိုရန်လိုပါကြောင်း၊စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများ၌ စိုက်ပျိုးမွေးမြူရေးပညာရပ်များကို အခြေခံကျကျသင်ယူဆောင်ရွက်ရမည် ဖြစ်သောကြောင့် မိမိတို့၏တပည့်များ လမ်းကြောင်းမှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး စည်းရုံးဆဆွေးနွေးရန်လိုအပ်ပြီး တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာ အဆင့်ဆင့်ကလည်း လာရောက်ဆွေးနွေးဟောပြောရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် စိုက်ပျိုးမွေးမြူရေး ပညာရှင်များမွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးစားဆောင်ရရွက်ကြရန်လိုကြောင်း”ပြောကြားခဲ့သည်။
ယင်းနောက် ဆောက်လုပ်ရေးကုမ္ပဏီက ကျောင်းဆောင်နှင့်ပတ်သက်သည့် မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းကော်မတီတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုန်းပင်စုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ လေပြင်းတိုက်ခက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းဆောင်အားပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဖွင့်ချိန်အမီအပြီးပြင်ဆင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့်ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်စေရေးကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲပြီး ကျောင်းအုပ်ဆရာကြီးထံထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။