ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နည်းပညာတက္ကသိုလ်(ပုသိမ်)၏ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားအား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နည်းပညာတက္ကသိုလ်(ပုသိမ်)၏(၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် သင်တန်းကာလ(၆)နှစ်ဖြင့် မြိူ့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်းနှင့် သုတနည်းပညာအင်ဂျင်နီယာသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ အင်ဂျင်နီယာအတတ်ပညာများသည်  လက်တွေ့ကျပြီး လူ့လောကပတ်ဝန်းကျင်အတွက် များစွာအကျိုးပြုလျက်ရှိပါကြောင်း၊ ကောင်းမွန်သည့် အသက်မွေးမှုအတတ်ပညာများကို မောင်မယ်တို့သည် မလျော့သောဇွဲ၊ တည်ငြိမ်တည့်မတ်သောစိတ်တို့နှင့်  အပတ်တကုတ်ကြိုးစားအားထုတ်ခဲ့ကြ၍လည်း ယခုလို တက္ကသိုလ်ကပေးအပ်သည့်ဘွဲ့များကို ဆွတ်ခူးနိုင်ကြခြင်း ဖြစ်ပါကြောင်း၊ မောင်မယ်တို့အနေဖြင့်  ယနေ့ ချီးမြှင့်လိုက်သည့် ဘွဲ့ဒီဂရီအသီးသီးကို ဆွတ်ခူးရုံမျှဖြင့် မောင်မယ်တို့ရဲ့ ဘဝပန်းတိုင်ပြီးဆုံးပြီလို့ မမှတ်ယူကြဘဲ အင်ဂျင်နီယာ နည်းပညာဆိုင်ရာ အခြေခံကောင်းများကို အတိုင်းအတာတစ်ခုအထိ လေ့လာ ဆည်းပူးပြီးစီးခြင်းရဲ့ အထိမ်းအမှတ်တစ်ခုသာ ဖြစ်တယ်လို့မှတ်ယူကြစေလိုကြောင်း၊ မောင်မယ်တို့အနေဖြင့် သက်ဆိုင်ရာအထူးပြုဘာသာရပ်များအလိုက် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ အင်ဂျင်နီယာဘွဲ့အသီးသီးကို ထူးချွန်စွာ ကြိုးပမ်းအားထုတ်ခဲ့မှုများကို ရပ်တန့်မနေဘဲနည်းပညာရပ်များကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင်ဆက်လက်လေ့လာ သင်ယူနေကြရန်၊တီထွင်ဆန်းသစ်မှုတွေရှိဖို့သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ကြိုးစားကြရန် နှင့် အင်ဂျင်နီယာပညာရှင်များရဲ့ ကျင့်ဝတ်များကို စောင့်ထိန်းကြရမှာဖြစ်ပါကြောင်းနှင့် အနာဂတ်မြန်မာနိုင်ငံအတွက် စံထားလေးစားအပ်သော နည်းပညာတက္ကသိုလ်(ပုသိမ်)ဂုဏ်ဆောင် အင်ဂျင်နီယာပညာရှင်များဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က  နည်းပညာတက္ကသိုလ်(ပုသိမ်)အတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများပြောကြားခဲ့သည်။ယနေ့ကျင်းပသည့် နည်းပညာတက္ကသိုလ်(ပုသိမ်)၏(၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ဘွဲ့ယူသူ (၇၄)ဦး၊အဝေးရောက်ဘွဲ့ယူသူ(၄၂)ဦး၊စုစုပေါင်းဘွဲ့ရ မောင်၊မယ်(၁၁၆)ဦးရှိကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကျုံပျော်ခရိုင်၊အထောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထွဋ်မိသားစုနှင့် ထွဋ်ဖောင်ဒေးရှင်းတို့က မတည်၍ စေတနာရှင်၊အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်၊ခွဲစိတ်ကုသပေးနေမှုများအား ကြည့်ရှုအားပေးပြီး မျက်စိကျွမ်းကျင်ပညာရှင်များအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

20-May-2023