ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းအခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်ရိုးသစ် ဆင့်ပွားသင်တန်းသို့တက်ရောက်နေသည့် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြုလုပ်သည့် အခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်ရိုးသစ် ဆင့်ပွားသင်တန်းသို့တက်ရောက်နေသည့် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က " ယခုနှစ်တွင် အခြေခံပညာအထက်တန်းအဆင့်၏ အဆင့်မြင့်ဆုံး Grade-12 သို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ ထူးချွန်စွာအောင်မြင်ရေးအတွက် သင်ကြားပေးမည့် ဆရာကြီး၊ ဆရာမကြီးများအား လာရောက်တွေ့ဆုံအားပေးစကား ပြောကြားခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်သည့် ကျောင်းသား ဦးရေ အများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း အနိမ့်ဆုံး KG+9 ပြီးသည်အထိ ပညာသင်ကြားနိုင်ရေးနှင့် Grade-10, Grade-11 နှင့် Grade-12 တို့ကိုလည်း ဆက်လက်တက်ရောက်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်း တက်ရောက်နေကြသည့် ဆရာကြီးဆရာမကြီးများသည် အခြေခံပညာ၏ နောက်ဆုံးအဆင့် ဖြစ်သည့် (Grade-12) ကို သင်ကြားမည့်သူများဖြစ်သည့်အတွက် အားကိုး၊ အားထားပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးတို့အနေဖြင့် ယခုသင်တန်းတွင်ပို့ချမည့် စနစ်သစ် ပညာရေးသင်ခန်းစာ များအား အပြန်အလှန်ဆွေးနွေးကြစေလိုကြောင်း၊ လေ့လာမှတ်သားပြီး မိမိတို့ဒေသသို့ပြန်လည် ရောက်ရှိသည့်အခါ လက်ဆင့်ကမ်း ပြန်လည်ပို့ချပေးရမှာဖြစ်ကြောင်း၊ ယခုနှစ်တွင် ကျောင်းနေ အရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ တပည့်များ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရေးကိုယ်သွေးတို့ကို မြင့်မားလာအောင် ဆောင်ရွက်ပေးနိုင်သူများသည် ဆရာ၊ ဆရာမများ ဖြစ်ကြောင်း၊ ဆရာများသည် အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ထမ်းရွက်တတ်သူများ ဖြစ်ကြောင်း၊ တပည့်များ၏ စံနမူနာပြ ဆရာကြီး၊ ဆရာမကြီးများဖြစ်အောင် ကြိုးစားပေးစေလိုကြောင်း" ပြောကြားခဲ့ပါသည်။
ထို့နောက် ပုသိမ်တက္ကသိုလ် ဒုတိယပါမေက္ခချုပ်မှ အခြေခံ ပညာအထက်တန်းအဆင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား ဆရာ/ဆရာမများအတွက် ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် ဓာတုဗေဒဌာနတွင် သင်တန်းသား ဆရာ/ဆရာမများ၏ လက်တွေ့သရုပ်ပြ ဆွေးနွေးပို့ချနေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းအား ပုသိမ်တက္ကသိုလ်တွင် အခြေခံပညာကျောင်း ဆရာ၊ ဆရာမ (၂၀၂၄)ဦး၊ ဟင်္သာတတက္ကသိုလ်တွင် (၁၁၀၈) ဦး၊ မအူပင်တက္ကသိုလ်တွင် (၁၂၂၄) ဦး၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမ (၄၃၅၆) ဦး တက်ရောက်လျှက်ရှိပါသည်။