ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပျားဖြင့် ဝတ်မှုံကူးခြင်း ပညာပေးသင်တန်းသို့တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပျားမွေးမြူရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ပျားဖြင့် ဝတ်မှုံကူးခြင်း ပညာပေးသင်တန်းသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပျားဖြင့် ဝတ်မှုံကူးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လို ကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျှက်ရှိပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပျားဖြင့်ဝတ်မှုံကူးခြင်းသည် ဆီထွက်သီးနှံ နေကြာ၊ နှမ်းနှင့် ပြောင်းသီးနှံစိုက်ပျိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ပျားမွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေး အတွက် တာဝန်ရှိသူများနှင့် တောင်သူများက ဝိုင်းဝန်းပူးပေါင်းဆွေးနွေးအကောင်အထည်ဖော် ကြရန်”အမှာစကားပြောကြားသည်။
ဆက်လက်၍ ပျားမွေးမြူရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံက ပျားဖြင့်ဝတ်မှုံကူးခြင်း ပညာပေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ပျားထွက်ကုန် ပစ္စည်းများ ပေးအပ်ခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ပျားမွေးမြူရေးဦးစီးဌာနက မွေးမြူထားရှိသည့် ပျားပုံးများအား ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးပျားမွေးမြူရေးတာဝန်ခံက လိုက်လံရှင်းလင်းပြသခဲ့သည်။ အဆိုပါသင်တန်းအား ယခုလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၈၆)ဦးတက်ရောက်ခဲ့ကာ ခရိုင်အလိုက် သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။