ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် တင်းနစ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲသို့တက်ရောက်

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတင်းနစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု တင်းနစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ်သူ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယခုအခမ်းအနားသည် ပြည်နယ်နှင့် တိုင်းဒေသကြီး  တင်းနစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့်  ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး တင်းနစ်အားကစားအသင်းအား တွေ့ဆုံ၍ အောင်နိုင်ရေး အလံပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ယခင်နှစ်ကရရှိခဲ့သည့် ဆုတံဆိပ်များထက် ပိုမိုရရှိအောင် ကြိုးစားသွားရမှာဖြစ်ပါကြောင်း၊ နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်သွားရန်၊ မျိုးဆက်သစ်လူငယ် အားကစားသမားများအား လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် မိမိတို့ရှေ့က လက်ရွေးစင်အားကစားသမားကြီးများနည်းတူ အောင်မြင်မှု ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြရန်”တိုက်တွန်းပြောကြားပြီး  ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု တင်းနစ်အသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပုသိမ်မြို့၊ ကိုးသိန်း တင်းနစ်အားကစားကွင်း၌ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား၊ အမျိုးသမီးအသင်း တို့၏ လေ့ကျင့်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်ကစားသမားအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်အားကစား ပြိုင်ပွဲသို့ အုပ်ချုပ်သူနှင့်နည်းပြ(၃)ဦး၊ ပြိုင်ပွဲဝင်ကစားသမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၈)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

18-May-2023