မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြသည်။
မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မိုခါမုန်တိုင်း၏ အရှိန်ကြောင့် တိုင်းဒေသကြီးအတွင်း ပျက်စီးမှုများလည်းရှိခဲ့ပါကြောင်း၊မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ချိန်မှစ၍ ကမ်းခြေဒေသများ၌ ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဘေးလွတ်ရာများနေရာများသို့ရွေ့ပြောင်းမှုများလုပ်ဆောင်ပေးခဲ့ပါကြောင်း၊ နာဂစ်မုန်တိုင်းကဲ့သို့ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကြိုတင်စီမံဆောင်ရွက်မှုများကြောင့် တိုင်းဒေသကြီးအတွင်း ပျက်စီးဆုံးမှု နည်းပါးသည်ဟုပြောရမှာဖြစ်ပါကြောင်း၊ မုန်တိုင်းဘေးကင်းစင်၍ မိမိတို့၏ နေရပ်အသီးသီးသို့ပြန်လည်ထွက်ခွာမည့် လပွတ္တာမြို့နယ်အတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများအား မိမိတို့အနေဖြင့် ပို့ဆောင်နှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်မှုများလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ စာသင်ဆောင်များအမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ယခုကဲ့သို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့သည့် အလှူရှင်အသီးသီးအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မုန်တိုင်းသင့်ဒေသများအတွက် လိုအပ်ချက်များရှိပါကလည်း ဆက်လက် လှူဒါန်းပေးနိုင်ကြပါစေကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းငွေ သိန်းတစ်ထောင်ကျပ်ကို ဝန်ကြီးချုပ်က လှူဒါန်းပေးအပ်ရာ စီးပွားရေးရာ ဝန်ကြီးကလည်းကောင်း၊စေတနာရှင်ပြည်သူများနှင့် ဌာနဆိုင်ရာများ၏ အလှူငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စီးပွားရေးရာဝန်ကြီးတို့ကလည်းကောင်း ဆက်လက် လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး လှူဒါန်းရရှိမှုငွေစုစုပေါင်း ( ၃၂၀၃၀၀၀၀၀ )သိန်းကျပ်အား လှူဒါန်းခဲ့ကြောင်းသိရသည်။