ဧရာဝတီတိုင်းဒေသကြီး၂၀၂၃-၂၀၂၄ပညာသင်နှစ် ဇုန်အဆင့်အခြေခံပညာအလယ်တန်း(Grade-9သင်ရိုးသစ်)ဆင့်ပွားသင်တန်းဖွင့်ပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ဇုန်အဆင့်အခြေခံပညာအလယ်တန်း(Grade-9သင်ရိုးသစ်)ဆင့်ပွားသင်တန်းဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ဆရာမကြီးများနှင့် သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။
၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ဇုန်အဆင့်အခြေခံပညာအလယ်တန်း(Grade-9သင်ရိုးသစ်)ဆင့်ပွားသင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“အခြေခံပညာအလယ်တန်း(Grade-9သင်ရိုးသစ်)ဆင့်ပွားသင်တန်းအား ပုသိမ်၊ဟင်္သာတ၊မအူပင် မြို့များ၌ ဇုန်(၃)ဇုန်ခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊နွေရာသီ ကျောင်းပိတ်ရင်များတွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြင့် ဆရာကြီး၊ဆရာမကြီးများ၏ အရည်အသွေးများလည်း ပိုမိုမြင့်မားလာမည်ဖြစ်ပါကြောင်း၊ ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်ရေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးသည် တပည့်များ၏ စံနမူနာပြများဖြစ်ပါကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍသည်လွန်စွာအရေးပါပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးများအနေဖြင့် ဆင့်ပွားသင်တန်းမှ ပို့ချပေးလိုက်သည့် သင်ခန်းစာများအား သေချာမှတ်သား၍ ပြန်လည်ပို့ချပေးကြစေလိုကြောင်းနှင့်( Grade - 9 )သည် အခြေခံပညာအလယ်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ယူမည့်နောက်ဆုံးအတန်းဖြစ်သဖြင့်ပညာရေးစနစ်သစ် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ပေးရန်”အမှာစကားပြောကြားသည်။
ဆက်လက်၍ ပုသိမ်ခရိုင်ပညာရေးမှူးက ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချူပ်က သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ပုသိမ်ခရိုင်ပညာရေးမှူးက လက်ခံရယူခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဇုန်အဆင့်အခြေခံပညာအလယ်တန်း(Grade-9သင်ရိုးသစ်)ဆင့်ပွားသင်တန်းတက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆရာကြီး၊ဆရာမကြီးများ၏ လုပ်ငန်းလိုအပ်မှု တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးအတွက်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဇုန်အဆင့်အခြေခံပညာအလယ်တန်း (Grade-9 သင်ရိုးသစ်)ဆင့်ပွားသင်တန်းအား ပုသိမ်ဇုန်တွင် သင်တန်းသားသင်တန်းသူဆရာ၊ဆရာမ (၆၃၀၀)ဦး၊ ဟင်္သာတဇုန်တွင် (၃၅၂၀)ဦး၊ မအူပင်ဇုန်တွင် (၄၁၉၄) ဦး စုစုပေါင်း (၁၄၀၁၄)ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊အပင်နှစ်ဆယ်ကျေးရွာ အခြေခံပညာမူတန်းကျောင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် မျက်နှာကျက်ပျက်စီးမှုများနှင့် တကုန်းကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း သစ်ပင်လဲကျ၍ သွပ်အမိုးလန်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ကွင်းယားကြီးကျေးရွာ ရွှေကျွန်းသာယာခန်းမ၌ ပြုလုပ်သည့် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် တောင်သူများအား အထွက်ကောင်းမျိုးသန့်စပါးများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးမှူးနှင့်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးတို့က မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မိမိတို့ဒေသကြီးသည် လယ်ယာစိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်ပြီး ဒေသအတွင်း ဖူလုံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန်လိုအပ်နေပါသေးကြောင်း၊ သို့ဖြစ်ရာ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများအား တွန်းအားပေးဆောင်ရွက်လျက်ပါကြောင်းနှင့် လာမည့်မိုးစပါးစိုက်ရာသီတွင် အထွက်နှုန်းတိုးစေရေးအတွက် ဆွေးနွေးပွဲများပြုလုပ်ပြီး ရလဒ်များအပေါ်စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက (၁)သိန်းအားသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီး တိုးတက်စိုက်ပျိုးနိုင်စေရေးကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တစ်ဧကအထွတ်တိုးစေရေး စီမံချက်များအားအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်စေရေး ဝိုင်းဝန်းကြိုးစားပေးကြရန်လိုပါကြောင်း”အမှာစကားများ ပြောကြားခဲ့သည်။ယင်းနောက် ဒေသခံတောင်သူများက မိုးစပါးစိုက်ပျိုးရေးအတွက် ပြင်ဆင်ဆောက်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအား ဆင်းသုခမျိုးစပါးများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တကုန်းကြီးကျေးရွာ၊စိုက်ပျိုးရေးနည်းပညာစင်တာဝန်း အတွင်း၌ နွားချေး၊ ကောက်ရိုး၊ ဖွဲနု၊ ငါးအမိုင်နို၊ အီးအမ်ဘိုကာရှီနှင့် သဘာဝမြေသြဇာပြုလုပ်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး သဘာဝမြေသြဇာများပိုမိုထုတ်လုပ်နိုင်ရေး၊ တောင်သူများ တွင်တွင်ကျယ်ကျယ်အသုံးစေရေး ပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။