ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်အတွင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူမတ်လ ၂၆ရက်နေ့ နေ့လည်ပိုင်း တွင် လပွတ္တာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ လေးအိမ်တန်းကျေးရွာရှိ နေကြာ(စူပါဆန်း-၄၁) ၁၀ ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်၍ Sprinkler (rain gun)ဖြင့် နေကြာခင်းအား ရေဖြန်းခြင်းလုပ်ငန်းဆောင်ရွက်နေ မှုများကိုကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးတို့မှ နေကြာစိုက်ပျိုးထားရှိမှု၊ ရေဖြန်းခြင်းနှင့်ပေါင်းသင် ခြင်းဆောင်ရွက်နေမှုများနှင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရန်၊နေရောင်ခြည်သုံစွမ်းအင်စနစ်များပိုမိုတွင်ကျယ်စွာအသုံးပြုသွားရန်၊ နေကြာစိုက်ခင်းများရေလိုအပ်လာလျှင်ထိရောက်အကျိုးရှိစွာပေးဝေနိုင်သည့် ရေဖြန်းစနစ်များတွင်ကျယ်စွာအသုံးပြုနိုင်ရန်၊ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်စေရေး တောင်သူများအားအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဲရင့်ထွန်းစပါးခွံလောင်စာတောင့် ထုတ်လုပ်ရေးသို့သွားရောက်၍ စပါးခွံလောင်စာတောင့်ထုတ်လုပ်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းအားစနစ်တကျဆောက်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်စေရေးမှာကြားခဲ့သည်။ အဆိုပါစက်ရုံမှ တစ်နေ့လျှင် စပါးခွံလောင်စာတောင့် (၂၂၅၀)ပိဿာထုတ်လုပ်လျှက်ရှိပြီး ဒေသတွင်းနှင့်နီးစပ်ရာမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။

ထို့နောက် လပွတ္တာ- သင်္ဃန်းကြီး- ပြင်စလူလမ်း၊ ဆည်မြောင်းတာနှင့်ထပ်နေသည့်လမ်းပိုင်း၌ အတည်ပြုပြီး ရှောင်ကွင်းလမ်းအူကြောင်းအမှတ်(၁)၊  (၃မိုင်၄ဖာလုံ)မိုင်မှ၊(၀/၀-၀/၃ +၃၀၀ပေအထိ) (၃.၅)ဖာလုံအား မြေသားတာဘောင်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူးမှ ရှောင်ကွင်းလမ်းအူကြောင်းအမှတ်(၁)၊ (၃မိုင်၄ဖာလုံ) ဖောက်လုပ်နေမှုအခြေအနေများနှင့် ထပ်မံလျာထားသော ရှောင်ကွင်းလမ်းကြောင်းအမှတ်(၂)၏ လျာထားအူကြောင်းများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းအူကြောင်း များအားရေရှည် တည်တံ့စေရေး၊ အများပြည်သူများသွားလာရေးအဆင် ပြေစေရေးနှင့် ဒေသအကျိုးပြုနိုင်သည့် လမ်းအူကြောင်းများဖြစ်စေရေးမှာကြားခဲ့သည်။

ဆက်လက်၍ လပွတ္တာမြို့နယ်၊ လပွတ္တာ - သင်္ဃန်းကြီးကားလမ်း၊ ကမ်းပြိုကာကွယ် ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း အလျား (၁၀၃ပေ)နှင့် ရေထဲပိုင်း နိုင်လွန်ပိုက်ထုပ်ကျောက်ကြီးချခြင်း အလျား (၁၅ဝ ပေ)လုပ်ငန်းရှင်းလင်းဆောင်သို့သွားရောက်ခဲ့ရာ လုပ်ငန်းတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်ခိုင်ခံ့စေရေးထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တလုပ်​တောင်​ ကျေးရွာအုပ်စုရှိ ရှင်​စောမြတ်​စေတီ​တော်မြတ်ကြီးသို့​ရောက်ရှိ၍ ဆရာ​တော် ​ဒေါက်တာ ဘဒ္ဒန္တပညာ​တေဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်နတ်စင်တစ်ရာ​ကျောင်းဆရာ​တော် အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့်ဝတ္ထု​ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလျှောက်ထား တင်ပြခဲ့သည်။

ထို့နောက် ကျောက်မှော်ကျေးရွာအုပ်စု အောက်ချောင်းကျေးရွာရှိ နွေစပါးဧက ၁၀၀၊ တင်း၁၂၀စံပြကွက်သို့သွားရောက်၍ နွေစပါး (နယူးဧရာ -၁) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက ကွက်များဖော်ထုတ်ဆောင်ရွက်စေရေး၊ တစ်ဧက စပါးအထွက်တိုးစေရေးနှင့် စိုက်ပျိုးရေများစနစ်တကျသုံးစွဲစေရေးမှာကြားခဲ့ကြောင်းသိရသည်။

27-Mar-2023