(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် ပုသိမ်တက္ကသိုလ်ရှေ့ လမ်းဖွင့်ပွဲ၊ စာကြည့်တိုက်ဖွင့်ပွဲနှင့် ဘောလုံးအားကစားကွင်းပွဲကြည့်စင်ဖွင့်ပွဲအခမ်းအနားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် ပုသိမ်တက္ကသိုလ်ရှေ့ လမ်းဖွင့်ပွဲ၊ စာကြည့်တိုက်ဖွင့်ပွဲနှင့် ဘောလုံးအားကစားကွင်းပွဲကြည့်စင်ဖွင့်ပွဲအခမ်းအနားများအား မတ်လ ၂၅ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်ရှေ့၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သည့် ပုသိမ်တက္ကသိုလ်ရှေ့ အလှအုတ်ပန်းကွက်စီခင်းလမ်း (အရှည် ၆၁၀ပေ၊ အကျယ် ၈ ပေ)ရှိ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေရှည်တည်တံ့စေရေး၊ ပန်းအလှပင်များ၊ မြက်ခင်းများဖြင့် စိမ်းလန်းသာယာလှပစေရေး ထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ်စာကြည့်တိုက် (၁၂၈ပေ × ၆၀ပေ) နှစ်ထပ် အဆောက်အဦဖွင့်ပွဲ တက်ရောက်ခဲ့ပြီး အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရသစ်ပင်များစိုက်ပျိုးပေးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်သစ်အား ယနေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်နေ့ဟုပြောရမှာဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်ကို ပုသိမ်ဥပစာကောလိပ်ကာလ ၁၉၅၈ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ယခုတွင် စာအုပ်ပေါင်း ၆၀၀၀၀ကျော်ဖြင့် စာအုပ်စာပေများဖြည့်ဆည်းထားရှိပေးထားပြီး စာအုပ်စာပေနဲ့ သတင်းအချက်အလက်များကို တစ်နေရာတည်းမှာ ရှာဖွေလေ့လာဖတ်ရှုနိုင်မှာဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်အားတက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ နိုင်ငံတကာစာကြည့်တိုက်များနှင့် ချိတ်ဆက်၍ ကမ္ဘာ့အဆင့်မီ စာကြည့်တိုက်တစ်ခုဖြစ်လာစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စာကြည့်တိုက်သို့ လာရောက်၍ စာပေလေ့လာဖတ်ရှုသူများ စိတ်အေးချမ်းသာစွာ လေ့လာမှတ်သားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများ၊ ဆရာမများအနေဖြင့်လည်း မိမိတို့သိရှိလိုသည့်ဘာသာရပ်ဆိုင်ရာများ၊ စာပေဗဟုသုတများကို ကောင်းမွန်စွာ ရှာဖွေလေ့လာနိုင်မှာဖြစ်ပါကြောင်းနှင့် စာကြည့်တိုက်ကြီး၏ အားသာချက်များကို အကျိုးရှိအောင် အသုံးချ၍ မိမိတို့တိုင်းဒေသကြီးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများအား တာဝန်ရှိသူများမှပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ စာကြည့်တိုက်အတွင်း စာဖတ်ခန်း၊ စာအုပ်စင်များ ပြင်ဆင်ထားရှိမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျ မှတ်တမ်းမှတ်ရာများထားရှိစေရေး၊ စာအုပ်စာတမ်းများရိုသေစွာကိုင်တွယ်အသုံးပြုစေရေးမှာကြားခဲ့သည်။
ထို့နောက် ပုသိမ်တက္ကသိုလ် ဘောလုံးကွင်း ပွဲကြည့်စင် ( ၁၅၀ပေ×၃၄ပေ)နှစ်ထပ် အဆောက်အဦသစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြကာ ပွဲကြည့်စင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေရှည်ခိုင်ခံ့စေရေးနှင့် စနစ်တကျအသုံးပြုစေရေးမှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပုသိမ်မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ဆင်းရွှေကြာ(၂)စပ်မျိုး နေကြာဆီ ကြိတ်ခွဲနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နေကြာဆီကြိတ်ခွဲထုတ်လုပ်မှု၊ ကုန်ကြမ်းဝယ်ယူရရှိမှုနှင့် နေကြာဆီ၊နေကြာဖတ်များရောင်းဝယ်ဖြန့်ဖြူးမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာသီးနှံအားတိုးချဲ့စိုက်ပျိုးထားရှိကြောင်း၊ နေကြာရိတ်သိမ်းနေချိန်ဖြစ်၍ ကုန်ကြမ်းများပိုမိုထွက်ရှိလာမှာဖြစ်ကြောင်း၊ အဆင့်မီဆီကြိတ်စက်များနှင့် သန့်ရှင်းလတ်ဆက်ပြီးကျန်းမာရေးနှင့်ညီညွတ်သည့် နေကြာဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။