ပန်းတနော်မြို့နယ် ရွှေလှေကျေးရွာပြည်လုံးကပ်ကျော်ကိုးနဝင်းစေတီတော်မြတ်အား စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်၊ရွှေလှေကျေးရွာ၊ တပ်မတော်ကျောင်းတိုက်၊လွန်တော်မူပြီး နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ဘုရားကြီးတည်ထားတော်မူခဲ့သော ရွှေလှေကျေးရွာပြည်လုံးကပ်ကျော်ကိုးနဝင်းစေတီတော်မြတ်အား စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်  ဝန်ကြီးများနှင့်   ၎င်းတို့၏ဇနီးများ၊   တိုင်းဒသကြီးဥပဒေချုပ်၊ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ပန်းတနော်မြို့၊မြတောင်ကျောင်းတိုက် နာယကစာချဆရာတော် ဘဒ္ဒန္တကုမာရထံမှ  ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြခဲ့ကြကာ ဆရာတော်၊သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြသည်။

ယင်းနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အရံစေတီအလှူရှင်များက စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို စေတီတော်မြတ်အား ရည်မှန်း၍ ဆရာတော်များထံဆက်ကပ်ခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်လက်ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပြည်လုံးကပ်ကျော်ကိုးနဝင်းစေတီတော်မြတ်အား စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ၊အမှားအယွင်းများရှိပါက ခွင့်လွှတ်တော်မူပါရန် တောင်းပန်ကန်တော့လွှာဖတ်ကြားခဲ့ပြီးနောက် ပန်းတနော်မြို့၊မြတောင်ကျောင်းတိုက် နာယကစာချဆရာတော် ဘဒ္ဒန္တကုမာရထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ပြုလုပ်ရာ ပြည်လုံးကပ်ကျော်ကိုးနဝင်းစေတီတော်မြတ်တွင် တင်လှူပူဇော်မည့် စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို  ထီးတော်ပင့်ဂါထာရွတ်ဆို၍ ပင့်လျှောက်ခဲ့ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူအသီးသီးက စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ဒေဝါဝင်း၊ရာဇာဝင်းများခြံရံလျှက် ပြည်လုံးကပ်ကျော်ကိုးနဝင်းစေတီတော်အား လက်ယာရစ်လှည့်လည် ပူဇော်ပြီး ထီးဖြူတော်ရုံသို့ ပင့်ဆောင်ခဲ့သည်။ ထို့နောက် မင်္ဂလာအချိန်တွင် စေတီတော်မြတ်အား စိန်ဖူးတော် ငှက်မြတ်နားတော်နှင့်ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အားပန်းရထားဖြင့် တင်လှူပူဇော်ခဲ့ပြီး  “ဇိတံမေ” “အောင်ပြီ”ဟု သုံးကြိမ်ဟစ်ကြွေး ပြီးသည်နှင့် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။

ဆက်လက်၍ ပြည်လုံးကပ်ကျော်ကိုးနဝင်းစေတီတော်မြတ်အား စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲအခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များက ပြည်လုံးကပ်ကျော်ကိုးနဝင်းစေတီတော်မြတ်အား ဗုဒ္ဓဘိသေကအနေဇာတင်ပူဇော်ခဲ့ပြီး “ဗုဒ္ဓသာသနံံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြပြီးနောက် စေတနာရှင်အလှူရှင်များကသိမ်တော်ဆင်း သံဃာတော် (၇၆)ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းတို့ဖြင့်သိမ်တော်ဆင်းလောင်းလှူပူဇော်ခဲ့သည်။

23-Mar-2023