ဆုတောင်းပြည့်ဘုရားစုကျေးရွာရှိ ဘုရားကုန်းကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်အပ်သော ရှေးဟောင်းစုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်အသစ်တင်လှူပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆုတောင်းပြည့်ကျေးရွာအုပ်စု၊ ဆုတောင်းပြည့်ဘုရားစုကျေးရွာရှိ ဘုရားကုန်းကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်အပ်သော ရှေးဟောင်းစုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်အသစ်တင်လှူပွဲ မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အလှူရှင်ဒါယိကာ၊ဒါယိကာမများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရွှေထီးတော်မြတ်ကြီး သီတင်းသုံးတော်မူရာ ဂန္ဓကုဋီ ကျောင်းတော်သာသို့ သံဃာတော်များအား ပင့်ဆောင်တော်မူ၍ ရွှေထီးတော်မြတ်ကြီးအား မဟာပဏာမ နမောတဿဂါထာတော်မြတ်ဖြင့် ပူဇော်၍ မေတ္တာသုတ် ပရိတ်တော်မြတ်များ ရွတ်ပွားပူဇော်ပြီး အမွှေးနံ့သာရည်များဖြင့် ပူဇော်ကာ  ဒါယကာ၊ ဒါယိကာမများက ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံလျက် ရွှေထီးတော်မြတ်ကြီးကို ပင့်ဆောင်ကြ၍ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လင်္ကျာရစ် လှည့်လည်ပူဇော်ခဲ့သည်။

ထို့နောက်ရွှေထီးတော်မြတ်ကြီးကို ဆရာတော်ကြီးများအားဆက်ကပ်ကာ မေတ္တာခံယူကြပြီး  ဂန္ဓကုဋီကျောင်းတော်သာ၌ ရွှေထီးတော်မြတ်ကြီး ယာယီသီတင်းသုံးတော်မူရန် ပင့်ဆောင်ခဲ့ ကြသည်။ ထို့နောက် ရွှေထီးတော်မြတ်ကြီးတစ်ဆူစီကို မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ရာ ရွှေထီးတော်၏ ပထမဘုံအဆင့်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊တို့ကလည်းကောင်း၊ရွှေထီးတော်၏ ဒုတိယဘုံအဆင့်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး တို့ကလည်းကောင်း၊ရွှေထီးတော်၏ တတိယဘုံအဆင့်အား အလှူရှင်များကလည်းကောင်း၊ရွှေထီးတော်၏ စတုတ္ထဘုံအဆင့်အား အလှူရှင်များကလည်းကောင်း၊ရွှေထီးတော်၏ ပဉ္စမဘုံအဆင့်၊ ဆဌမဘုံအဆင့်၊ သတ္တမဘုံအဆင့် တို့အား စေတီတော်ဂေါပကအဖွဲ့နှင့် အလှူရှင်များ ကလည်းကောင်း၊ ရွှေထီးတော်၏ အဌမဘုံအဆင့်၊ နဝမဘုံအဆင့်တို့အား အလှူရှင်များကလည်းကောင်း၊ ရွှေထီးတော်၏ ချယားသီးတော်အား အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကလည်းကောင်း၊ရွှေထီးတော်၏ ငှက်မြတ်နားတော်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ကလည်းကောင်း၊ စိန်ဖူးတော်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်မန်းငြိမ်းမောင် ကလည်းကောင်း အသီးသီးတင်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက်   ရွှေထီးတော်တင်လှူပူဇော်ပြီးသောအခါ၌ သံဃာတော် (၃၁) ပါး တို့က ဗုဒ္ဓါဘိသေက ဥဒါန မင်္ဂလာဂါထာတော်များဖြင့် ရွတ်ပွားပူဇော်ကြခဲ့ကြပြီး   ရွှေမိုး၊ ငွေမိုးများ ရွာသွန်းခဲ့ကြသည်။

ဆက်လက်၍ ရေစက်ချမင်္ဂလာ အခမ်းအနား ပြုလုပ်ရာ ဒါယိကာ၊ဒါယိကာမများက ဘုရားရှိခိုးကန်တော့၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာသာမိ၊ ပခန်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဖွယ်ဝတ္တုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီးအနုမောဒနာတရား နာကြားခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍  အခမ်းအနားအား “ဗုဒ္ဓသာသနံံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

17-Mar-2023