မြစ်ရေတိုက်စားမှုကြောင့်မြစ်ကမ်းပါးပြိုကျမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေးခဲ့ပြီး နေအိမ်များကြိုတင်ရွှေ့ပြောင်းခဲ့သည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအားတွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကမ်း‌ခြေမှ အလျား ၂၀၀ပေ၊အနံ၂၅ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး နေအိမ်များကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင်  သွားရောက်တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  မြစ်ကမ်းပါးပြိုကျမှုအား ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရတနာသိပ္ပံကျောင်းတိုက်  ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြစ်ကမ်းပါးကာကွယ်ရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်မည့်အ‌ခြေအနေများအား လျှောက်ထားတင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဒေသခံပြည်သူများအတွက် မြစ်ကမ်းပါးထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးမည့်အခြေအနေများနှင့် ကျေးရွာနေပြည်သူများအတွက် ပညာရေး၊ကျန်းမာရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေများအား ရင်းရင်းနှီးနှီးအားပေး ပြောကြားခဲ့ပြီး ကမ်းပြိုနေရာများအားကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ကုက္ကိုဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များဖြည့်ဆည်း ပေးနိုင်ရေး မှာကြားခဲ့သည်။ အဆိုပါ ကမ်းပြို မှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ (၁၁)လုံး၊ အိမ်ထောင်စု (၁၁)စု တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးရန်ပုံငွေနှင့် ကာဘော်လိပ်ဆပ်ပြာတို့အား ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

16-Mar-2023