ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားအား ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“၁၉၇၅ခုနှစ်မှစတင်၍ မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးရရှိစေရန်အတွက် အဓိကလှုံ့ဆော် ဆောင်ရွက်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါကြောင်း၊အမျိုးသမီးများသည် ဉာဏအား၊ စိတ်ဓာတ်စွမ်းအား၊ ဇွဲ၊ လုံ့လ စွမ်းရည် ရှိကြသူများအဖြစ် တွေ့မြင်နေရပါကြောင်း၊ နှလုံးရည် ပြည့်ဝသူ၊ စိတ်ဓါတ် ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်ကြရင်းဖြင့် ခေတ်မီနည်းပညာများလေ့လာကာ အမျိုးသမီးများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက် မြင့်မားလာအောင်ကြိုးစားကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ဖို့ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျင်းပရာမှာ နှစ်စဉ်ဆောင်ပုဒ် တစ်ခုသတ်မှတ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်အတွက်ဆောင်ပုဒ်မှာ “ကျား ၊ မတန်းတူ ညီမျှဖို့နည်းပညာနဲ့ဆန်းသစ်စို့ " ဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူ ညီမျှမှု ဖြစ်ပေါ်စေရေးအတွက် အမျိုးသမီးများ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုပေါင်းသင်းဆက်ဆံရေးများ၌ အပြည့်အဝ ပါဝင်ခွင့်ရရှိဖို့ နည်းပညာ ဆန်းသစ်တီထွင်မှုများကို လက်လှမ်းမီရရှိဖို့ လိုအပ်ပြီး အမျိုးသမီး သက်ကြီး၊ သက်လတ်၊ သက်ငယ် အားလုံးမည်သူ့မျှနောက်ချန်မကျန်ရစ်ခဲ့ရန်ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ ကျား၊မတန်းတူးတူ ညီမျှမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုပါကြောင်း၊ မြန်မာနိုင်ငံ၌ အမျိုးသမီးအခန်းကဏ္ဍကို အလေးထားလုပ် ဆောင်လျက်ရှိပြီး အမျိုးသားနည်းတူ တန်းတူအခွင့်အရေးပေးထားပါကြောင်း၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ကုန်ထုတ်စွမ်းအားများ တိုးတက်မြင့်မားလာမှာဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်းစဉ်တစ်လျှောက်အမျိုးသမီးများသည်အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ခေတ်၊ စနစ်တွေကို တုန့်ပြန်ရင်ဆိုင်ခဲ့ကြသူတွေဖြစ်ပါကြောင်း၊ အ မျိုးသမီးများမှာ ဉာဏ်ပညာပြည့်စုံမှု၊ ခေါင်းဆောင်မှု အရည်အသွေး စွမ်းအားကြီးမှု၊ နူးညံ့သိမ်မွေ့မှု၊ လှပယဉ်ကျေးမှု၊လိမ္မာပါးနပ်မှု၊ တရားမျှတမှု၊ ဆင်ခြင်တုံတရား ရှိမှုစတဲ့ ဝိသေသလက္ခဏာတွေ ကိုယ်စီရှိကြပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ကမ္ဘာတဝန်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ အောင်မြင်မှုများကို ဂုဏ်ပြုသည့်နေ့တစ်နေ့ဖြစ်သည့်အတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်ရည်ကို အတတ်နိုင်ဆုံး မြှင့်တင်ပေးပြီး ကျား၊မ တန်းတူညီမျှမှုရရှိဖို့ ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား လူမှုရေးရာဝန်ကြီးက ဖတ်ကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင် ရာအမျိုးသမီးများနေ့ အသိပညာပေး Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခန်းမအတွင်းခင်းကျင်းထားရှိသည့် အမျိုးသမီးများ၏လက်မှုထုတ်ကုန်ပစ္စည်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။