ရေကြည်မြို့၏ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

သာသနာတော်နှစ်၂၅၆၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊‌ ရေကြည်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြသည်။

ဦးစွာ ဘုရားအမှူးရှိသော ဘုန်းတော်ကြီးကျောင်း (၈၈) ကျောင်းမှ သံဃာတော်(၅၃၆)ပါးနှင့် သီလရှင်ကျောင်း (၁၀)ကျောင်းမှ သီလရှင် ဆရာကြီး၊ဆရာလေး (၇၁)ပါး၊စုစုပေါင်း (၆၀၇)ပါးတို့မှ ဒီပါရုမ်စေတီတော်မြတ်ကြီးအား လက်ယာရစ် ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို အလှူခံတော်မူရာ ဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားအား သန္တိသုခတန်ဆောင်း‌တော်အတွင်း၌ပြုလုပ်ရာ “နမောတဿ” သုံးကြိမ်သံပြိုင်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပူဇော်ခဲ့ပြီးနောက် တိုင်းသံဃနာယက ဥက္ကဋ္ဌ (မူလဒွါရ)ဒီပါရုမ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃ နာယကဥက္ကဋ္ဌ မင်္ဂလာရာမကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုအစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ပြီး ရေစက်ချမင်္ဂလာအခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်သံပြိုင်ရွတ်ဆို ပိတ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ဆရာလေးများအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပြီး  ဆရာတော်အရှင်သူမြတ်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည်ညိုအားပေးခဲ့သည်။

05-Mar-2023