သာပေါင်းမြို့နယ်၊ ဘုရားကြီးကျေးရွာရှိအကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲနှင့်ရွှေထီးတော် ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များ အသစ်တင်လှူပူဇော်ခြင်းနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊သာပေါင်းမြို့နယ်၊ ဘုရားကြီးကျေးရွာရှိအကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲနှင့်ရွှေထီးတော်၊ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များ အသစ်တင်လှူပူဇော်ခြင်းနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊အလှူရှင် မိသားစုများနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကိုဆက်လက် နာယူကြည်ညိုကြသည်။

ယင်းနောက် ဘုရားဒါယိကာ၊ဒါယိကာမများက သက်တော်ထင်ရှားမြတ်စွာဘုရားအား ရည်မှန်း၍ အကျော်ဇေယျပဿထစေတီတော်မြတ်ကြီးအား လှူဒါန်းပူဇော်သောအားဖြင့် စိန်ဖူးတော်၊ငှက်မြတ်နားတော်တို့ကို ဆရာတော်၊သံဃာတော်များအား ဆက်ကပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊အလှူရှင်မိသာားစုများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ရတုပိုဒ်စုံဖြင့် သီကျူးပူဇော်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ် အရှင်သူမြတ်က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးအမှူးပြုသောဆရာတော်သံဃာတော်များမှဦးဆောင်၍ ဘုရားဒါယိကာ၊ဒါယိကာမများက စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များကို ဒေဝါဝင်း၊ရာဇာဝင်းများ ခြံရံလျက်ပင့်ဆောင်ကာ လက်ျာရစ် လှည့်လည်အပူဇော်ခံပြီး မင်္ဂလာမဏ္ဍပ်သို့ပင့်ဆောင်ခဲ့ပြီးနောက် ရွှေထီးတော်တင်လှူမည့် ဘုရားဒါယိကာများက ငြမ်းအထက်သို့နေရာယူပြီး စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များကို ပန်းရထားဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက် အခမ်းအနားမှူးက “ဇိတံ မေ”ဟုတိုင်တည်ပေးသောအခါ ပရိသတ်များက “အောင်ပြီ အောင်ပြီ အောင်ပြီ”ဟု သုံးကြိမ်သံပြိုင်ဟစ်ကြွေးခဲ့ပြီး မဟာမင်္ဂလာ အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။

ဆက်လက်၍ အခမ်းအနား တတိယပိုင်းအဖြစ် ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူခြင်းကို ပြုလုပ်ရာ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အနေကဇာတင်မည့်နေရာသို့ ပင့်ဆောင်ခဲ့ပြီး  ဥပါသကာများက တံခွန်၊ကုက္ကား၊မုလေးပွားများ ဆက်ကပ်ခဲ့ကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များတို့က ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။ယင်းနောက် အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

04-Mar-2023