(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တောင်သူလယ်သမားနေ့ အခမ်းအနားတွင် သီးနှံအမျိုးမျိုး၌ ပန်းတိုင်အထွက်နှုန်းရရှိသည့်တောင်သူများ၊မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ အောင်မြင်နေသည့်တောင်သူများက  အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား တစ်ဆင့်ပြန်လည်မျှဝေဆွေးနွေးခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း၊ မိုးစပါး၊ နွေစပါး အပါအဝင်စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အဆင့်လိုက်ရည်မှန်းချက်ထားဆောင်ရွက်မည်ဖြစ်ရာလိုအပ်ချက်များကိုပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန်လိုပါကြောင်း၊ တောင်သူများကလည်း တောင်သူများ၏ လက်တွေ့စိုက်ပျိုးနေမှု၊ ဌာနဆိုင်ရာများကလည်း ပံ့ပိုးဆောင်ရွက်ပေးရမည့် အရာများအား မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို ဆွေးနွေး အဖြေရှာရန်လိုပါကြောင်း၊ လာမည့်စိုက်ပျိုးရာသီတွင် မိုးစပါး၊ နွေစပါး လက်ရှိအထွက်နှုန်းထက်တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရန်အတွက်   စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အဆင့်ဆင့်မှကြပ်မက်ဆောင်ရွက်ရန်လိုကြောင်း၊  ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးရေးကိုလည်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရအတွက်ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊  မွေးမြူရေးတောင်သူများအနေဖြင့် မိရိုးဖလာမွေးမြူရေးစနစ်မှ အဆင့်မြင့်နည်းပညာသုံးမွေးမြူရေးစနစ်ကိုလည်း စနစ်တကျမွေးမြူ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လည်းလိုပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူးမှ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်ခေါင်းစဉ်များအလိုက်အကျယ်တဝင့်ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေမြူရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများအား  မြေသြဇာထုတ်လုပ်အသုံးပြုနိုင်ရေး၊ ငါးမွေးမြူရေးလုပ်ငန်းများမှ အများစားသုံးနိုင်သည့်ငါးမျိုးစိတ်များမွေးမြူဆောင်ရွက်နိုင်ရေးနှင့် ရှားပါးငါးမျိုးစိတ်များအား သားဖောက်မွေးမြူခြင်းလုပ်ငန်းများ၊ ဒေသထွက်ကုန်ကြမ်းများမှ တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်ရေးထည့်သွင်းဆွေးနွေးစေရေးနှင့် စိုက်ပျိုးမွေးမြူရေးထွက် ကုန်များကိုအခြေခံ၍ ကုန်ချောထုတ်လုပ်နိုင်သည့် စက်ရုံအလုပ်ရုံများထွက်ပေါ်လာစေရေး ကြိုးစားဆောင်ရွက်စေရေးနှင့်တောင်သူများအတွက် အမှန်တကယ်အကျိုးရှိသည့်ဆွေးနွေးပွဲရလဒ်များထွက်ပေါ်လာစေရေးလိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် အလုပ်ရုံဆွေးနွေးများအား ဆက်လက်ပြုလုပ်ရာ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်နိုင်မည့် ရေမြေသဘာဝရွေးချယ်ခြင်း၊အထွက်မျိုးကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊မျိုးကောင်း၊မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊သွင်းအားစုများထည့်သွင်းအသုံးပြုခြင်း၊ထုံးထည့်သွင်းခြင်း၊ တစ်သီးမှနှစ်သီး၊ နှစ်သီးမှ သုံးသီးစိုက်သို့ ပြောင်းလဲစိုက်ပျိုးရေး အစရှိသည့် ခေါင်းစဉ် အသီးသီးဖြင့် ဌာနဆိုင်ရာများနှင့် တောင်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားပွဲဝိုင်းအလိုက် ဆွေးနွေးရရှိသည့် ရလဒ်များအား စုစည်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အားနည်းချက် အားသာချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

03-Mar-2023